2/20/09

article in mizzima Part 4

ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ - အပိုင်း (၄)
ကိုမော် | အင်္ဂါနေ့၊ မေလ ၀၅ ရက် ၂၀၀၉

မေလ ၁ ရက်နေ့ မနက် ၈ နာရီခွဲ ပတ်ဝန်းကျင်လောက်တွင် ဦးဂမ္ဘီရထံသို့ အရေးတကြီး ဖုန်းဆက်လာ၍ မိမိ အပါအဝင် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။ ဖုန်းသံမှာ ရှင်လင်းမှု မရှိ၍ phone speaker ကို ဖွင့်ကာ အတော်ကို ဂရုတစိုက် နားထောင်နေရ၏။ လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတားအနီး တပ်ထိပ် မှတ်တိုင်မှာ အလုပ်သမားအရေး လှုပ်ရှားသူ ကိုသူရိန်အောင်တို့အုပ်စု စီးလာသည့် ကားကို စစ်အာဏာပိုင်များနှင့် ရဲတချို့က တားထားပြီကို ကိုသူရိန်အောင် ကိုယ်တိုင် ဖုန်းဆက်၍ အကြောင်းကြားခဲ့၏။ ထို့နောက် ဖုန်းကိုလည်း ဖွင့်ထားပေးခဲ့သည်။


ကိုသူရိန်အောင်နှင့် အာဏာပိုင်တချို့ အချေအတင် စကားပြောနေသံများ ဖုန်းထဲမှာ ကြားနေရပြီးနောက် ထိုးသံ ရိုက်သံလို အသံမျိုးကိုပါ ကြားခဲ့ရသည်။ ထိုအချိန်တွင် ဦးဂမ္ဘီရ အတော်ကို စိတ်တိုနေပြီ်။ သို့သော်လည်း အခြေအနေ အရပ်ရပ်ကို အသေအချာ သိရှိနိုင်အောင် ဂရုတစိုက် ဆက်၍ နားထောင်နေခဲ့၏။ နောက်ပိုင်း ကိုသူရိန်အောင် အသံထွက်လာကာ သူတို့ အချုပ်ကားပေါ် ရောက်နေပြီဖြစ်ကြောင်းနှင့် မည်သည့် လမ်းဘက်တွင် ရောက်နေပြီဖြစ်ကြောင်း သတင်းပေးနိုင်ခဲ့သည်။ ထိုအချိန် ဦးဂမ္ဘီရက "ဒီပုံစံအတိုင်းဆိုရင် ကျိုက္ကဆံဘက်ကို ခေါ်သွားမယ်ထင်တယ်'' ဟု ဆိုပြီး၊ မော်လမြိုင်က ဦးဇင်းတပါးနှင့် မိတ္ထီလာက မကြာခင်ကမှ ရောက်လာသည့် ဒကာတယောက်ကို ခေါ်ကာ သူကိုယ်တိုင် လိုက်သွားခဲ့သည်။

ကိုသူရိန်အောင်တို့ အုပ်စုသည် ရန်ကုန်မြို့ အမေရိကန် စင်တာတွင် မေဒေးနေ့ အထိမ်းအမှတ်အဖြစ် အလုပ်သမား အခွင့်အရေး ဟောပြောမှု စကားဝိုင်းတခုအတွက် လှိုင်သာယာက အလုပ်သမားများနှင့်အတူ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထိုဟောပြောပွဲမှာ ကိုယ်သူရိန်အောင်ကိုယ်တိုင် ဟောပြောဖို့ကိုလည်း စီစဉ်ထားပြီးဖြစ်ကြောင်း မိမိတို့ ကြားသိထားပြီး ဖြစ်၏။

သို့သော်လည်း မေဒေးဟောပြောပွဲ အစီအစဉ်ကား ပျက်ယွင်းသွားခြင်း မရှိခဲ့ပါ။ အမေရိကန် စင်တာတွင် ရောက်ရှိပြီးသား လူများကို ကိုကျော်ကျော် (ရှေ့နေ) နှင့်၊ ကိုညီညီဇော် (လူ့အခွင့်အရေး လှုပ်ရှားသူ) က ဦးဆောင်ကာ အလုပ်သမားနေ့နဲ့ ပတ်သတ်ပြီး အလုပ်သမားအခွင့်အရေး အကြောင်းများကို ဟောပြောစည်းရုံးနိုင်ခဲ့သည်။ ထို့အပြင် တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးဖလှယ်မှုများကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့၏။ ထို့နောက် ထိုခေါင်းဆောင်နှစ်ဦးလည်း အမေရိကန် စင်တာက အပြန် စစ်အာဏာပိုင်များ၏ စောင့်ဖမ်းခြင်းကို ခံခဲ့ရသည်။ ထိုအချိန်တွင် ဦးဂမ္ဘီရလည်း အဖမ်းခံနေရပြီဟု သတင်းများ ထွက်ပေါ်ခဲ့၍ မိမိတို့ စိုးရိမ်ခဲ့ရသေးသည်။ သို့သော် ထိုသတင်း မမှန်ခဲ့ပါ။ ထိုနေ့ည ၇ နာရီလောက်မှ ဦးဂမ္ဘီရ ရွှေ့ပြည်သာအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ သူ ပြန်ရောက်၍ မိမိတို့က အကျိုးအကြောင်း မေးသည့်အခါ ကျိုက္ကဆံအထိ လိုက်သွားပြီး စုံစမ်းမေးမြန်းခဲ့ကြောင်း ပြောပြသည်။

ထိုအခါ မိမိက “ဘာဖြစ်လို့ လိုက်သွားရတာလဲ ကိုယ်တော်၊ တပည့်တော်တို့က လျှို့ဝှက်လှုပ်ရှားနေရတာပဲ။ တော်ကြာ အရှင်ဘုရားကိုပါ ခြေရာခံမိပြီး စောင့်ကြည့်ခံရမှဖြင့် မကောင်းဖြစ်နေပါအုံးမယ်” လို့ စိုးရိမ်စကား ပြောတော့၊ ဦးဂမ္ဘီရက “အဲလို မဟုတ်ဘူးဘုရား။ တပည့်တော် ပြောပြမယ်။ တပည့်တော်တို့က ရဲဘော်ရဲဘက်တွေပဲ၊ ကိုယ့်ရဲဘော်ရဲဘက်တွေ အကျပ်အတည်းနဲ့ ကြုံနေရတဲ့အခါ မတရားသဖြင့် အနိုင်ကျင့် နှိက်စက်ခံနေရတဲ့အခါ တပည့်တော်တို့က ရှောင်မနေသင့်ဘူး။ အချင်းချင်း အသက်ပေးပြီး ကာကွယ်ရမှာပါ။ အဲဒါ တပည့်တော် ခံယူထားတဲ့ တကယ့် တာဝန်တရပ်ပဲ ဘုရား” လို့ ဆိုပြီး ခုခံပြောဆိုတဲ့အတွက် မိမိလည်း ဘာမှ ဆက်မပြောနိုင်ဖြစ်ကာ သူ့ရဲ့ ခံယူချက်ကို နားလည်ပေးလိုက်ပါတော့တယ်။ အဲဒီနောက်ပိုင်း မိမိတို့ လုံခြုံရေးကို အထူး ဂရုစိုက်လာရသလို လုံခြုံရေးလည်း ကျပ်တည်းလာသည်ဟု ဆိုရမည်။

မေလ ၃ ရက်နေ့တွင် ဦးဂမ္ဘီရက မိမိကို မန်းသံဃာတချို့နှင့် ရန်ကုန်မှ ဦးဂုရု (အမည်ဝှက်) ဆိုသည့် ဘုန်းတော်ကြီး အပါအဝင် ရန်ကုန်သံဃာအချို့ကို တာဝန်ခံစေကာ နိုင်ငံရေးအရ လူထုစည်းရုံးရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲ စကားဝိုင်းသို့ တက်ရောက် ဆွေးနွေးစေခဲ့ပါသည်။ ထိုစကားဝိုင်းတွင် ဦးဣဿရိယနှင့်လည်း ကြိုတင်သတင်းမရဘဲ တွေ့ဆုံခဲ့ရ၏။ ဦးဣဿရိယနှင့် မိမိတို့သည် ဆူးလေဘုရား ရင်ပြင်ပေါ်ရှိ မြောက်ဘက်မုခ် အနီးနားတွင် မကြာခဏ တွေ့ဆုံဖြစ်၏။ သို့သော်လည်း သဘောထား မတိုက်ဆိုင်မှုတချို့ ရှိခဲ့ကြသည်။

ဆွေးနွေးပွဲပြီးဆုံး၍ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာချိန်တွင်ကား ဦးဂမ္ဘီရအနေဖြင့် လုံခြုံရေးအရ အကျပ်အတည်း တွေ့နေပြီ ဖြစ်သည်။ ထို့ကြောင့် မိမိတို့ ပုံမှန်လုပ်ငန်းစဉ် တချို့ကို ရန်ကုန်မြို့နယ်နှင့် နီးစပ်ရာ ဒေသအတွင်း ကောင်းစွာ အကောင်အထည် ဖော်နိုင်ခွင့် မရှိတော့ပေ။ စစ်အာဏာပိုင် နောက်လိုက်တို့၏ ရန်မှ ကင်းဝေးစေရန်ကိုလည်း အထူးဂရုစိုက်နေခဲ့ရ၏။ ဦးဣဿရိယနှင့်လည်း ထိုရက်ပိုင်းကစ၍ အဆက်အသွယ် ပြတ်သွားခဲ့သည်။

သို့ဖြစ်၍ လတ်တလော အခြေအနေအရ မြေလတ်ဒေသအတွင်း အခြေစိုက်ကာ လှုပ်ရှားမှုများ အကောင်အထည် ဖော်နိုင်ရေးအတွက် စီစဉ်တိုင်ပင်ခဲ့ကြသည်။ မေလ ၂ဝ ရက်နေ့တွင် ဦးဂမ္ဘီရနှင့် မိမိသည် မြေလတ်ဒေသသို့ ခရီးထွက်ဖြစ်ခဲ့ကြ၏။ ခရီးမထွက်မီ လုပ်ငန်းစဉ်များကို အောင်မင်္ဂလာ အဝေးပြေ ကားဝင်းအတွင်းရှိ အအေးဆိုင်တခု၌ သီးသန့် ဆွေးနွေးတိုင်ပင်ကာ လုပ်ငန်းစဉ်တချို့ ညှိနှိုင်းခဲ့သည်။ သို့သော် တူညီသည့် အဖြေတခု မရရှိခဲ့ပါ။

၂၁ ရက်နေ့ မနက်စောစောတွင် ပထမဦးဆုံးအနေဖြင့် မကွေးတိုင်း ရေနံချောင်းသို့ ရောက်ရှိခဲ့ပါသည်။ ရေနံချောင်းမြို့တွင်းရှိ မဟာဓမ္မိကာရာမ စမ္ပာယ်ရုံ စာသင်တိုက်၌ တည်းခိုပြီး၊ မြို့ပေါ် စာသင်တိုက်တချို့ရှိ မိမိနှင့် ချိတ်ဆက်ရာ သံဃာ တချို့ကို မိတ်ဆက်ပေးကာ မိတ်ဖွဲ့စေကြပြီးနောက် ချောက်မြို့သို့ ခရီးဆက်ခဲ့ကြ၏။ ချောက်မြို့၌ မြို့နယ်တာဝန်ခံ ဖြစ်သည့် ဦးသီလာနန္ဒနှင့် တွေ့ပေးပြီးကာ မိမိအနေဖြင့် စလေမြို့တဖက်ကမ်းရှိ တညောင်ရွာသို့ မိတ်ဆွေများနှင့် တွေ့ဆုံရန် ခရီးထွက်ခဲ့သည်။

မေလ ၂၃ ရက်နေ့၌ ဦးဂမ္ဘီရနှင့် လုပ်ငန်းစဉ်တချို့ ဆွေးနွေးညှိနှိုင်းရန်အတွက် တညောင်ကျေးရွာမှ ချောက်မြို့သို့ ပြန်လာခဲ့သည်။ ဦးဂမ္ဘီရတို့ တည်းခိုနေသည့် ကျောင်းကို လိုက်လံရှာဖွေပြီး တွေ့ဆုံခဲ့ရ၏။ ထို့နောက် ပွင့်ဖြူမြို့နယ် တာဝန်ခံ ဦးဝိမလလည်း ချောက်မြို့တွင် ရောက်နေပြီဖြစ်၍ မိမိတို့ ၄ ပါး စုပေါင်းတွေ့ဆုံနိုင်ရန်အတွက် ချောက်မြို့ အေးစေတီဘုရားကုန်းကို ရွေးချယ်ခဲ့ပါသည်။ ချောက်မြို့နယ်အတွင်း စာသင်တိုက်ကြီးများမှ သံဃာတချို့ကိုလည်း ဦးဂမ္ဘီရ အပါအဝင် မိမိတို့ ဒေသခံများနှင့် တွေ့ဆုံကာ ရေရှည်လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရေးအတွက်လည်း စီစဉ်ဖြစ်ခဲ့ကြ၏။

ဇွန်လအတွင်း ဝါဆိုခါနီးကာလဖြစ်၍ ဝါတွင်း၌် ဘုန်းကြီးကျောင်း တခုခုတွင် နေထိုင်သီတင်းသုံးခွင့် ရရှိရေးအတွက် မိမိအနေဖြင့် လုံးပမ်းခဲ့ရသည်။ ကံအားလျော်စွာ စမ်းချောင်းမြို့နယ် ဗားကရာတိုက်အတွင်းက ကျောင်းတခု၌ နေထိုင်ခွင့်ရ၍ အဆင်ပြေချောမွေ့ခဲ့ရသည်။ ထို့အပြင် စမ်းချောင်းမြို့နယ် ဥယျာဉ်တိုက်အတွင်းက အင်္ဂလိပ်စာ သင်တန်းကျောင်းတွင်လည်း တက်ရောက်လေ့လာဖြစ်ခဲ့၏။

ဦးဂမ္ဘီရလည်း ယခင်က မိမိတို့ အတူနေထိုင်ခဲ့သည့် ရွှေပြည်သာမြို့နယ် ဆရာစံရပ်ကွက် တော်ဝင်လမ်းရှိ အိမ်၌ လုံခြုံရေး စိတ်မချရသည်ဖြစ်၍ သီရိမင်္ဂလာဈေးရှေ့ရှိ သီတာလမ်းထိပ်နားက တိုက်ခန်းတခုတွင် လျှို့ဝှက်စွာ ငှားရမ်းနေထိုင်ကာ လှုပ်ရှားမှု လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် အားထုတ်ကြိုးပမ်းခဲ့၏။ ထိုအိမ်ကိုလည်း မိမိကို အသိပေးထားခြင်း မရှိခဲ့၍ မိမိတို့ ခေတ္တ အဆက်အသွယ်ပြတ်သွားခဲ့သည်။

ထိုရက်ပိုင်းအတွင်း လက်ရှိ အကျဉ်းထောင်အတွင်း၌ ဖမ်ဆီးခံထားရသည့် ဇင်နီယာ (အမည်ဝှက်) ဆိုသည့် အမျိုးသမီးတယောက်နှင့် ခင်မင်ရင်းနှီးခဲ့ရ၏။ သူသည် တက်ကြွသည့် လူငယ်တဦးဖြစ်ပြီး ထိုအချိန်က အမေရိကန် စင်တာတွင် အင်္ဂလိပ်စာ လေ့လာနေ၏။ ထို့အပြင် သူသည် သတင်းစာလုပ်ငန်းကို ဝါသနာကြီးသူဖြစ်ကာ ထိုသတင်းလုပ်ငန်းဖြင့်ပင် ယခုအခါ နအဖ အကျဉ်းထောင်အတွင်း၌ အကျဉ်းစံနေရပြီ ဖြစ်သည်။ သူ့ကို အမေရိကန် စင်တာက အပြန် ဦးဂမ္ဘီရ၏ အမဖြစ်သူ မလွင်လွင်မြင့်မှ မိတ်ဆက်ပေး၍ စတင်၍ သိကျွမ်းခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်က မလွင်လွင်မြင့်လည်း အမေရိကန် စင်တာတွင် အင်္ဂလိပ်စာ လေ့လာနေချိန် ဖြစ်၏။ နောက်ပိုင်း ဇင်နီယာမှတဆင့် ရန်ကုန်တိုင်းအတွင်းရှိ လူငယ်တချို့နှင့် ခင်မင်ရင်းနှီးကာ အတူတကွ ပူးတွဲလှုပ်ရှားဖြစ်ခဲ့ကြသည်။

ဇွန်လ ၂၂ ရက်နေ့၌ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ စာသင်တိုက်တခုတွင် ခေတ္တ သီတင်းသုံးနေသည့် ဦးဂုရု ဆိုသည့် ဘုန်းတော်ကြီးကို လျှို့ဝှက်စွာ ကျင်းပမည့် ခေါင်းဆောင်မှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ စကားဝိုင်းသို့ မိမိနှင့်အတူ တက်ရောက်ရန် စည်းရုံးခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့၌ မိမိတို့ နှစ်ပါးသည် ထိုဆွေးနွေးပွဲ စကားဝိုင်းသို့ တက်ရောက်လေ့လာ ဖြစ်ခဲ့ကြ၏။ ထိုစကားဝိုင်းတွင် လက်ရှိ အကျဉ်းစံများ ဖြစ်နေသည့် မသက်သက်အောင်၊ ကိုချစ်ကိုလင်း၊ မနိုးနိုး အပါအဝင် တခြား ကျောင်းသားအရေး လှုပ်ရှားသူများ၊ ကိုထွန်းထွန်းဦး (ထန်းတပင်) အပါအဝင် အလုပ်သမားအရေး လှုပ်ရှားသူများနှင့်လည်း အတူတကွ လေ့လာဆွေးနွေးခဲ့ရသည်။ ထိုဆွေးနွေးပွဲ စကားဝိုင်းကအပြန် ဦးဂုရုနှင့် မိမိတို့ အတော်ကို အားရကျေနပ်မိခဲ့၏။ ထို့နောက်လည်း မိမိတို့နှစ်ပါး အတွဲညီညီနှင့် လှုပ်ရှားဖြစ်ခဲ့ကြသည်။

သီတာလမ်းအိမ်သို့ ရောက်ပြီးနောက် ဦးဂမ္ဘီရတွင် ငွေရေးကြေးရေး အခက်အခဲ ကြုံတွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့်ကား ဦးဂမ္ဘီရကို ထောက်ပံ့လှူဒါန်းနေသည့် ဒကာ၊ ဒါယိကာမများ ရှိနေခဲ့၏။ သို့သော် သီတာလမ်းအိမ်သို့ ရောက်ပြီးနောက် သူ့ဒကာတချို့နှင့် သဘောထားခြင်း မတိုက်ဆိုင်စရာ အယူအဆ တခုကြောင့် သူ့ဒကာနှင့် အဆက်သွယ် မလုပ်ဘဲ နေခဲ့၍ သူ့တွင် ငွေကြေးအခက်အခဲ ဖြစ်ခဲ့ရခြင်းပင်။

ဦးဂမ္ဘီရနှင့် မိမိတို့သည် ရဟန်းသံဃာများပင် ဖြစ်သော်လည်း နိုင်ငံရေး လှုပ်ရှားမှုများ၌ ပါဝင်ပတ်သက်နေသည်ဖြစ်၍ စာသင်တိုက်၊ ရိပ်သာ အစရှိသော ဘုန်းတော်ကြီးကျောင်းများတွင် အမြဲတစေ နေထိုင်နိုင်ခြင်း မရှိခဲ့သလို တချို့ကျောင်းတိုက်များ ဆိုရင်လည်း နေထိုင်ခွင့် မရရှိခဲ့ပေ။ ထို့ကြောင့်ပင် ဦးဂမ္ဘီရ အနေဖြင့် ကျောင်းတိုက်ပေါင်းများစွာကို ပြောင်းရွှေ့နေထိုင်ကာ ပါဠိပထမပြန် စာသင်သားဘဝကို ရပ်တည်ရှင်သန်ခဲ့ရ၏။

နောက်ဆုံး နေထိုင်ခဲ့သည့် အလုံမြို့နယ် သဒ္ဓမ္မဝံသ ကျောင်းတိုက်ဆိုလျှင် ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) ဖွဲ့စည်းကြောင်း မီဒီယာနှင့် အင်တာဗျူးပြီးနောက်ပိုင်း နှင်ထုတ်ခံခဲ့ရသည်ဟု ဦးဂမ္ဘီရ၏ မှတ်တမ်းစာအုပ်လေးတခု၌ ဖတ်ခဲ့ရဖူးသည်။ ထိုကျောင်းသို့လည်း ဇူလိုင်လအတွင်းက မိမိကိုယ်တိုင် ရောက်ရှိခဲ့ဖူး၏။

ဤကဲ့သို့ နေထိုင်နိုင်ခြင်း မရှိ၊ နေထိုင်ခွင့် မရခဲ့သည်ဖြစ်၍ မိမိတို့၏ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး တည်းဟူသော ပစ္စည်းလေးပါးနှင့် နိုင်ငံရေးလှုပ်ရှားမှု လုပ်ငန်းများ ပုံမှန်ရပ်တည် ရှင်သန်နိုင်ရေးတို့အတွက် ငွေကြေးထောက်ပံ့ လှူဒါန်းကြမည့် ဒကာ၊ ဒါယိကာမများကိုသာ အားကိုးနေထိုင်ခဲ့ရသည်။ သို့သော်လည်း ပြည့်စုံလှသည် မဟုတ်ပါ။ မပြည့်စုံသည့် ကြားထဲမှာပင် စိတ်ဓာတ်ရေးရာအရ အခိုင်အမာ တည်ဆောက်ကာ ရပ်တည်ရှင်သန်ခဲ့ရ၏။ ဤသို့ နေထိုင်ရပ်တည်ခဲ့ကြသည်ကား ရဟန်းတပါးအနေဖြင့် ကျင့်ကြံရမည့် ဗုဒ္ဓဝိနည်းတော်များနှင့် အလုံးစုံ ကိုက်ညီပါသည်ဟု မဆိုချင်သော်လည်း ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရနှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာအရပါ တိုးတက်မြင့်မားစေလိုသည့် ပုထုဇဉ် ရဟန်းပျိုတပါးအတွက် မျက်မှောက်ခေတ် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အခြေအနေများအရ လုံ့လပြုထိုက်သည့် လုပ်ငန်းတခုဟု မိမိတို့ ယူဆခဲ့ကြသည်။

ထိုသို့ ဗုဒ္ဓဝိနည်းတော်များနှင့် အလုံးစုံ ကိုက်ညီခြင်း မရှိခဲ့သော်လည်း ဗုဒ္ဓဝိနည်းတော်ပါ ကုစားနည်း၊ ကုစားဟန်များအရ ရဟန်းဘဝမှ လျောကျစေနိုင်သည့် ကြီးလေးသည် အပြစ် (အာပတ်) များကို မိမိတို့အနေဖြင့် ကျူးလွန်ထားခြင်း မရှိခဲ့၍ သာသနာ့ဝန်ထမ်း ရဟန်းတော်များပင်တည်း။ ဤသည်ကား အမှန်တရားပင် ဖြစ်၏။

အဆိုပါ ငွေကြေးအခက်အခဲ ဒဏ်ကြောင့် ဦးဂမ္ဘီရသည် နေ့စဉ် လုပ်ငန်းစဉ်များ ပုံမှန်လည်ပတ်နိုင်ရန်အတွက် အနှောင့်အယှက် ဖြစ်ခဲ့သည်။ ထို့ကြောင့် သူနေထိုင်ရာ တိုက်ခန်းတွင်ပင် အချိန်ကုန်စေကာ စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် တနေ့တာ ကာလများစွာကို ဖြတ်သန်း ကုန်ဆုံးစေခဲ့ရ၏။ ထိုအချိန်တွင် ဦးဂုရုဆိုသည့် ဘုန်းတော်ကြီးသည် ဦးဂမ္ဘီ ရနေထိုင်ရာ တိုက်ခန်းသို့ နေ့စဉ်လိုလို သွားရောက်ကာ အားပေးစကား ပြောကြားရင်းက နိုင်ငံရေး အတွေးအခေါ်များကို ဝါရင့်သူပီပီ နည်းလမ်းတကျ အပြန်အလှန် ဆွေးနွေး သုံးသပ်နိုင်ခဲ့ကြ၏။

ဦးဂုရုသည် သက်တော်အားဖြင့် ၆ဝ ဝန်းကျင်ခန့်ရှိသည့် ရဟန်းကြီးတပါးပင်။ သူသည် နိုင်ငံရေးလှုပ်ရှားမှု လုပ်ငန်းစဉ်များ၌ တောက်လျှောက် ပါဝင်လာသူဖြစ်ကာ အတွေ့အကြုံ ရင့်ကျက်ပြီး၊ မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံသရာတွင် သူ့ကိုယ်သူ နှိမ့်ချဆက်ဆံလေ့ ရှိ၏။ ထို့အပြင် စာပေလိုက်စားမှု့ ဘက်၌လည်း အထူးတလည် စိတ်ဝင်စားသူ ဖြစ်သည်။

သူကြောင့်ပင် NLD ရုံးချုပ်ကို ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ရဖူးသည်။ ဒီချုပ်ရုံးကို ရောက်တော့ ကိုမျိုးခင် (ရန်ကင်းမြို့နယ်) က ဦးဂုရုကို အားရဝမ်းသာစွာဖြင့် ပင့်ဆောင်ကာ စကားပြောကြ၏။ မိမိကတော့ အဖွဲ့ချုပ် ရုံးစာရေးကြီး စားပွဲဝိုင်းနားတွင် ထိုင်ကာ စောင့်ဆိုင်းနေခဲ့ရသည်။ မိမိ စောင့်ဆိုင်းနေရချိန်သည် ၂ နာရီလောက် ကြာမည်ထင်၏။ ထို ၂ နာရီအတွင်း ရုံးစာရေးကြီးနှင့် စကားစမည် ပြောရင်းက စီအီးစီ (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) အဖွဲ့ဝင် ဦးလွင်ကို တွေ့ဖူးမြင်ဖူးခဲ့သလို ဦးဉာဏ်ဝင်း၏ ဖော်ဖော်ရွေရွေနှင့် လေးလေးစားစား နှုတ်ဆက်ခြင်းကိုလည်း ခံခဲ့ရ၏။

ထို့အပြင် ၈၈ အရေးတော်ပုံ ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို သာသနာ့ သိပ္ပံကျောင်း၌ ကျင်းပခဲ့ရာတွင်လည်း တက်ရောက်ခဲ့၏။ သို့သော် မိမိတို့ ရောက်သွားချိန်တွင်ကား အခမ်းအနား ပြီးဆုံးနေချိန်ဖြစ်၍ ကျန်ရှိသည့် ဝေယျာဝေစ္စလုပ်နေကြသူ အဖွဲ့ချုပ်ဝင်များနှင့်သာ တွေ့ဆုံခဲ့ရပြီး သာသနာ့သိပ္ပံ ဆရာတော်ကြီးကိုလည်း ဖူးမြော်ခဲ့ရသည်။ ဆရာတော်ကြီးက လူမှန်၊ နေရာမှန်ဖြစ်မှ နိုင်ငံရေး အစရှိသော ရေးရာ အဖြာဖြာတို့၌ တိုးတက်ကြီးပွားနိုင်မည် ဖြစ်ကြောင်းကို။ အိမ်ရှင်နှင့် အိမ်စောင့် (ဒရဝမ်) ကို ဥပမာပေး၊ နှိုင်းယှဉ်ကာ ဟောပြော ညွှန်ပြခြင်းကိုလည်း ၁၅ မိနစ်ခန့် ကြားနာခဲ့ရဖူး၏။

ထို သြဂုတ်လပိုင်းအတွင်း ဦးဂမ္ဘီရ နေထိုင်သည့် တိုက်ခန်းသို့ ပိုင်ရှင်က လာရောက်ကြည့်ရှုသွားခဲ့ပြီး ရပ်ကွက်လူကြီးများက ဘုန်းကြီးတပါးနေကြောင်း ပြောသဖြင့် လာကြည့်ကြောင်း အစရှိသည့်များနှင့် တခြား အကြောင်းအရာများ ပြောကြားသွားခဲ့သဖြင့် အနေရအထိုင်ရ ကျပ်တည်းသွားခဲ့သည်ဟု ဦးဂုရုမှတဆင့် မိမိ ကြားသိခဲ့ရသည်။ ထို့အပြင် ထိုအိမ်၌ နိုင်ငံရေးနှင့် ပတ်သက်သော စာအုပ်များ လျှို့ဝှက် အချက်အလက်များ ရှိနေသည်ဖြစ်၍ စိုးရိမ်စရာ ဖြစ်နေခဲ့၏။ ထိုတိုက်ခန်းကို အစတုန်းက ကျောင်းသားများအတွက် ရည်ရွယ်ပြောဆိုပြီး ကျောင်းသားတချို့နှင့် ဦးဂမ္ဘီရ အတူနေထိုင်နိုင်ရန်အတွက် ဒကာတယောက်က တာဝန်ခံကာ ငှားရမ်းပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ကျောင်းသားများ မနေဖြစ်သည့်အတွက် ဦးဂမ္ဘီရ တပါးတည်း နေထိုင်ခဲ့ရသည်။ ထို့ကြောင့်ပင် ပတ်ဝန်းကျင်မှ သတိထားစရာ ကိစ္စတခုလို ဖြစ်နေခဲ့၏။

ထိုသတင်းကို မိမိ ကြားပြီး၍ ဦးဂမ္ဘီရကို မိမိအနေဖြင့် တစုံတခု ဖြစ်သွားမည်ကို စိုးရိမ်နေကြောင်းနှင့် ယခုကာလသည် မိမိတို့ အင်အားစုများအတွက် လှုပ်ရှားမှုများ အားကောင်းလာပြီး တစတစ ကျယ်ပြန့်လာရန် အရေးတကြီး လိုအပ်နေသလို၊ လုံခြုံရေးအရလည်း အရေးကြီးသည့် ကာလဖြစ်၍ လုံခြုံရေး အထူးဂရုစိုက်ရန် လိုအပ်ကြောင်း လက်ရှိပုံစံဖြင့် နေထိုင်၍ အဆင်မပြေပါက တခြားပုံစံတခုဖြင့် ပြောင်းနေထိုင်ရန် သတိပေးပြောကြားသည့် စာတစောင်ကို ဦးဂုရုမှတဆင့် ပေးပို့ခဲ့သည်။

သြဂုတ်လ ၁၅ ရက်နေ့ကစပြီး လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ကျောင်းသားခေါင်းဆောင်များ၊ ဒီချုပ်အဖွဲဝင်များ ဦးဆောင်ပြီး လမ်းလျှောက်ဆန္ဒပြကာ လောင်စာဆီဈေးနှုန်း လျော့ချရေး တောင်းဆိုမှုများကြောင့် လူထုအတွင်း စိတ်အားတက်မှုများ တိုးပွားလာခဲ့သလို မိမိတို့ သံဃာထုအတွင်း၌လည်း တက်ကြွမှုများ ကြီးထွားလာခဲ့၏။

No comments: