2/20/09

article in mizzima Part 5

ကြုံရဆုံရ ရွှေဝါရောင် တော်လှန်ရေး အကြိုကာလ (အပိုင်း - ၅)
ကိုမော် | တနင်္လာနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၀၉


၂ဝဝ၇ သြဂုတ်လ ၁၉ ရက်နေ့တွင် ကိုမင်းကိုနိုင်တို့ ၈၈ - မျိုးဆက် ကျောင်းသားများ ဦးဆောင်သော ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများ စတင်ပေါ်ပေါက်ခဲ့သလို မိမိတို့သံဃာထုအတွင်း၌လည်း လောင်စာဆီဈေးနှုန်း မြင့်တက်လာမှု ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ရေးအတွက် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများအား အပြန်အလှန်အကြံပြုသုံးသပ်ကြကာ ညှိနှိုင်းဆွေးနွေးမှုများ မကြာခဏ ပြုလုပ်ဖြစ်ခဲ့ကြသည်။


ထို့အတူ မြေလတ်ဒေသအတွင်း အခြေစိုက်နေထိုင်ကြသော သံဃာတချို့ထံသို့လည်း ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကြီးအတွင်း သံဃာထုအနေဖြင့် ပါဝင် အားဖြည့်နိုင်ဖို့အရေး ဆက်သွယ် ဆွေးနွေးဖြစ်ခဲ့ကြသေး၏။

မိမိတို့အနေဖြင့် လောင်စာဆီဈေးနှုန်း မြင့်တက်မှု ပြဿနာသည် အမိမြန်မာပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးသို့ တိုက်ရိုက်ထိခိုက်မှုရှိသည့် ပြဿနာတရပ်ဖြစ်ကြောင်းကို နားလည်သဘောပေါက်မိခဲ့ကြသလို သံဃာ့ထုအတွင်းသို့လည်း တစတစထိခိုက်မှု ရှိလာပြီဖြစ်သည်ကို ရက်ပိုင်းအတွင်းမှာပင် တွေ့ကြုံခံစားခဲ့ရ၏။ သို့ဖြစ်၍ လောင်စာဆီဈေးနှုန်းမြင့်တက်မှု ပြဿနာသည် တတိုင်းပြည်လုံး အနေအထားအရ ဆင်းရဲတွင်း နက်သထက်နက်ကာ ငတ်ပြတ်ရမည့် အနေအထားဟုပင် သာမန်အမြင်ဖြင့် မှတ်ယူခဲ့ကြသည်။

သြဂုတ်လ ၂၁ ရက်နေ့ ညအချိန်တွင် ကိုမင်းကိုနိုင်တို့ ကျောင်းသားခေါင်းဆောင်များ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၃ ဦးကို နအဖ အာဏာပိုင်များမှ ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း မြို့တော်ခန်းမတွင် အလုပ်လုပ်နေသူ ဝန်ထမ်းကတဆင့် ကြားသိခဲ့ရသည်။ ဤသည်မှာ လူထုပါဝင်လာမှု ကြီးမားလာမည့် အလားအလာကို ဟန့်တားနိုင်ရန်အတွက် ရည်ရွယ်သည်ဟု နားလည်ထားမိ၍ အခြေအနေကို မျက်ချေပြတ်မခံဘဲ ဂရုတစိုက် စောင့်ကြည်နိုင်ရန် ကြိုးစားခဲ့သည်။

သို့သော် ထိုလှုပ်ရှားမှုများကား တွန့်ဆုတ်ရပ်တန့်သွားခြင်းမရှိဘဲ ကျန်ခေါင်းဆောင်များမှ နောက်ပိုင်းရက်များတွင်လည်း အားတက်သရော လမ်းမပေါ်ထွက်ကာ ပြည်သူကို လှုံ့ဆော်စည်းရုံးနိုင်ခဲ့ကြသည့်အတွက် အခြေအနေသည် တစုံတရာ အတိုင်းအတာတခုအထိ ပြည်သူကို နိုးကြွစေပြီဟု ယူဆမိခဲ့ကြသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် ဦးဂုရုနေထိုင်ရာ စာသင်တိုက်သို့ မိမိ ရောက်ရှိခဲ့ပါသည်။ ထိုရက်ပိုင်းအတွင်း လောင်စာဆီဈေးနှုန်း မြင့်တက်မှုများကို အခြေခံသော ကုန်ဈေးနှုန်း ကျဆင်းရေး ကြွေးကြော်ပြီး တောင်းဆိုဆန္ဒပြမှုများ အရှိန်အဟုန် မြင့်တက်နေချိန်ကာလဖြစ်၍ ဦးဂုရုနှင့် မိမိလည်း လှုပ်ရှားမှုကြီးအတွင်း သံဃာထုအနေဖြင့် ပါဝင်အားဖြည်နိုင်ဖို့အရေး ဆွေးနွေးဖြစ်ခဲ့ကြသည်။ ကြားဖြတ်အနေနဲ့ ဦးဂုရုက မိမိကို စာတစောင် ပေးဖတ်ပါသည်။ စာမူသည် ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) အနေဖြင့် သံဃာထုသို့ လျှောက်ထားပန်ကြားစာဖြစ်ပြီး လတ်တလော လောင်စာဆီဈေးနှုန်း မြင့်တက်မှုများကို တာဝန်ရှိသူ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူ ဖြေရှင်းပေးနိုင်ဖို့ သံဃာထု၏ ဖိအားတခုကို ဖော်ဆောင်ရန်ဖြစ်ကြောင်း မိမိ နားလည်မိသည်။ ထို့အတူ တပါတည်း သဘောတူလက်ခံလိုက်၏။

သို့သော် ထိုလျှောက်ထားစာသည် မူကြမ်းအနေဖြင့် ထုတ်ထားသည်ဖြစ်စေ မူချောအနေဖြင့် ထုတ်ပြီးသည်ဖြစ်စေ အားနည်းချက်များကို အတတ်နိုင်ဆုံး ပြင်ဆင်တည်းဖြတ်ရန် ဦးဂုရုကို တောင်းဆိုမိသည်။

ဦးဂုရုက ဤလျှောက်ထားစာသည် ဦးဂမ္ဘီရ၏ စာမူရင်းကို သူ ထပ်မံတည်းဖြတ်ထားတာဖြစ်ပြီး လောလောဆယ် မူကြမ်းအဆင့်သာဖြစ်ကြောင်းဆိုကာ ဦးဂမ္ဘီရနှင့်တွေ့မှ ထပ်မံညှိနှိုင်းပြင်ဆင်ဖို့ သဘောထားပြန်ပေးခဲ့သည်။ ထို့အတူ သူ့အနေဖြင့်လည်း ရန်ကုန်နှင့် နီးစပ်ရာမြို့များကို လှည့်လည်ဖြန့်ဝေပြီး လှုံ့ဆော်စည်ရုံးမှာဖြစ်သလို မိမိကိုလည်း မြေလတ်ဒေသအတွင်းသို့ သွားရောက်ကာ ဖြန့်ဝေပြီး ထိရောက်သည့် သံဃာ့လှုပ်ရှားမှု လုပ်ငန်းစဉ်များ အဆင့်ဆင့် ဖြစ်ပေါ်နိုင်ရေးအတွက် ကြိုးစားသင့်ကြောင်းကို အကြံပေးတိုက်တွန်းခဲ့ပါသည်။ မိမိအနေနဲ့လည်း ထိုလုပ်ငန်းစဉ်များကို လုပ်ကိုင်ဖို့အတွက် ရည်ရွယ်ထားကြောင်းနှင့် မြေလတ်ဒေသတွင်း စည်းရုံးရေးနှင့် လှုပ်ရှားမှု လုပ်ငန်းစဉ် တချို့ကို ချပြဆွေးနွေးဖြစ်ခဲ့သည်။

ထိုနေ့မှာပင် စစ်တွေသံဃာတော်များ၏ လမ်းလျှောက်ကြွချီကာ မေတ္တာပို့သခဲ့ကြသည်ကို မျှော်လင့်မထားမိသေးဘဲ ကြားသိခဲ့ရသည့်အတွက် ပိုမိုအားတက်ခဲ့ရ၏။

သြဂုတ်လ ၂၉ ရက်နေ့ မနက် ဦးဂုရုဆီရောက်တော့ ဦးဂမ္ဘီရနှင့် ၃ဝ ရက်နေ့ နေ့လည်ပိုင်း တွေ့ဆုံဖို့ အဆင်သင့် ပြင်ထားစေလိုကြောင်းပြောကာ မြို့တွင်းလှုပ်ရှားမှုများအပေါ် ဝေဖန်သုံးသပ်ခဲ့ကြသည်။

သြဂုတ်လ ၃ဝ ရက်နေ့ နေလည် ၁ နာရီ ဝန်းကျင်ခန့်တွင် မြေနီကုန်း မှတ်တိုင်အနီးရှိ ရွှေလက်ဖက်ရည်ဆိုင်၌ ဦးဂမ္ဘီရနှင့် တွေ့ဆုံခဲ့၏။ ထိုသို့တွေ့ဆုံမှုကတဆင့် မိမိတို့ လုပ်ငန်းစဉ်များကိုပါ ဆွေးနွေးဖြစ်ခဲ့ကြသည်။ မိမိက သံဃာထုသို့ လျှောက်ထားပန်ကြားစာနဲ့ ပတ်သက်ပြီး ထိုစာသည် စကားလုံး ဖောင်းပွမှုရှိသည့်အပြင် စာမျက်နှာ စာလုံးပုံစံကအစ ပြင်ဆင်ထားမှု အားနည်းလှသည်ဖြစ်၍ သာမန်အနေဖြင့် စိတ်ဝင်စားမှု ရှိနိုင်မည် မဟုတ်ကြောင်း၊ တချို့အမြင်အရ လေးနက်မှုမရှိဘဲ ပြီးစလွယ် လုပ်ထားသည်ဟုပင် ဝေဖန်သုံးသပ်နိုင်ကြောင်း အကြုံပြုဆွေးနွေးသည့်အခါ ဦးဂမ္ဘီရမှ လက်ခံကာ အတတ်နိုင်ဆုံး ကြိုးစားပြီး ပြင်ပါမည်ဟု ဆိုခဲ့၏။

ထို့နောက် မိမိအနေဖြင့် ထပ်မံဆွေးနွေးသည်မှာ မိမိတို့သည် ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) ဆိုတဲ့ အမည်နာမကိုသုံးပြီး ဖြန့်ဝေမည့်အပြင် စာသင်၊ စာချ သံဃာများကိုသာ ရည်ညွှန်းခြင်း မပြုဘဲ ကျောင်းထိုင်၊ ကျောင်းပိုင် ဆရာတော်ကြီးများ၊ အဆင်သင့်ရင်ဖြင့် သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအထိကိုပါ ပေးပို့လျှောက်ထားနိုင်အောင် ကြိုးစားကြမည့်အတွက် စာလုံးပုံစံ ရှင်းရှင်းလင်းလင်းနဲ့ စနစ်တကျ အချိန်ယူလုပ်ပြီး စာအိတ်များတွင် ဘွဲ့တော်များကိုပါတပ်ကာ တိုက်ရိုက်ပေးပို့နိုင်အောင် ကြိုးစားရင် ကောင်းမည်ဟု အကြံပြုပြောကြားခဲ့သည်။

ဦးဂမ္ဘီရ အနေဖြင့်လည်း မိမိ၏ အကြံပြုချက်ကို လက်ခံပြီး အဆင်ပြေအောင် ပြင်ဆင်ပါ့မယ်ဟုဆိုကာ စက်တင်ဘာလ ၂ ရက်နေ့ မူချောထုတ်နိုင်ရန် ကြိုးစားဖို့ သဘောတူ၍ ၂ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်ကို သူနေထိုင်ရာ တိုက်ခန်းတွင် တွေ့ဆုံရန် ချိန်းဆိုဖြစ်ခဲ့၏။

ထို့အပြင် ခရီးထွက်ဖို့အစီအစဉ်နှင့် ပတ်သက်၍လည်း မိမိအနေဖြင့် စက်တင်ဘာလ ၄ ရက်နေ့ကို ခရီး စတင်ထွက်ဖို့ သဘောတူခဲ့ပြီး ဦးဂမ္ဘီရအနေဖြင့်လည်း စက်တင်ဘာလ ၅ ရက်နေ့တွင် မန္တလေးသို့ ခရီးထွက်ပြီး စည်းရုံးရေးလုပ်ငန်းများနဲ့ လှုပ်ရှားမှုကို အကောင်အထည်ဖော်နိုင်ရေး ကြိုးစားဖို့ လျာထားဖြစ်ခဲ့သည်။

စက်တင်ဘာလ ၂ ရက်နေ့ နေ့လည် မိမိရောက်တော့ ဦးဂမ္ဘီရက “အားလုံးအဆင်ပြေပြီ ကိုယ်တော်။ အရှင်ဘုရားလည်း သဘောကျမယ်ထင်ပါရဲ့။ အကယ်၍ မကျခဲ့သည်ရှိသော်တောင်မှ ရပ်ထားဖို့ သင့်ပြီဗျ။ ဒီစာလေးနဲ့တင် အချိန်မကုန်သင့်ဘူး၊ မှန်းထားတာက ဒီလအတွင်း လှုပ်ရှားမှုတခုခု ပေါ်ကိုပေါ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတော့ တခြားဘက်ကိုလည်း အချိန်ပေးရအောင်” ဟု ဆိုကာ စာမူပရင့် ထုတ်ဖို့အတွက် ပြင်ဆင်ခဲ့ကြလေတော့သည်။

၂ ရက်နေ့ ညနေမှောင်ရီပျိုးစ အချိန်မှစ၍ မိမိတို့သည် အင်တာနက်ဆိုင်နှင့် မိတ္တူဆိုင်များသို့ လျှောက်ထားလွှာ မူချောထုတ်နိုင်ရန် အခြေအနေအရ တဆိုင်ဝင် တဆိုင်ထွက် ကြိုးစားခဲ့ကြရသည်။ တချို့ဆိုင်များကလည်း စက်ပစ္စည်းကို အကြောင်းပြကာ ငြင်းပယ်ခဲ့ကြသည်များရှိသလို လိုလိုလားလား ကူညီလှူဒါန်းသူများနှင့်လည်း ကြုံခဲ့ရ၏။

ည ၁ဝ နာရီ ပတ်ဝန်းကျင်လောက်တွင် ဇေယျဝတီစာသင်တိုက်အနီး အအေးဆိုင်တခု၌ ထိုင်ရင်းက သမဂ္ဂတံဆိပ်ရိုက်နှိပ်ဖို့ အကြံပေးတော့ တံဆိပ်တုံးက နေရာအပြောင်းအရွှေ့မှာ ပျောက်ဆုံးနေကြောင်း ရှင်းပြခဲ့သည့်အတွက် မိမိအနေဖြင့် ၃ ရက်နေ့ အပြီးရနိုင်အောင် ကြိုးစားကြည့်မယ်ဟုဆိုကာ ပုံစံအနေအထားကို ဆွဲခိုင်းပြီး ပြန်ခဲ့ကြသည်။

၃ ရက်နေ့ မနက်၌ သမဂ္ဂတံဆိပ်တုံးတခု အကောင်အထည်ဖော်နိုင်ရန်အတွက် ဆူးလေစေတီ အနီးဝန်းကျင်တဝိုက်တွင် ကြိုးစားခဲ့၏။ ထိုသို့ ကြိုးစားခဲ့ရာတွင် တံဆိပ်တုံးရိုက်နှိပ်ရန်အတွက် သံဃာ့ မဟာနာယကအဖွဲ့ (မဟန) ၏ ခွင့်ပြုမိန့်ထောက်ခံစာ လိုအပ်ကြောင်း လမ်း ၃ဝ နှင့် အနော်ရထာလမ်းဒေါင့်အနီးရှိ ရာဘာဘလောက်တုံးဆိုင်မှ ပိုင်ရှင်တဦးက ပြောဆိုခဲ့သည်။ မိမိကလည်း “ကျူပ်တို့ ရဟန်းပျိုအဖွဲ့ဆိုတာက ဗုဒ္ဒဘုရားရှင်၏ ဆုံးမသြဝါဒကို နာခံထားသည်မှလွဲ၍ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ သြဝါဒတစုံတခုကိုခံယူပြီး ဖွဲ့စည်းထားတာ မဟုတ်ကြောင်း စာသင်သား ရဟန်းပျိုများအနေဖြင့် သံဃာထုအခွင့်အရေးကို ဗုဒ္ဓ၏ ဝိနည်းတော်နှင့်အညီသာ ကာကွယ်သွားရန် ရည်ရွယ်ထားသည့်အတွက် မည်သည့်အဖွဲ့၏ ခွင့်ပြုချက်တစုံတရာကိုမှ တောင်းခံခဲ့ခြင်းမရှိသလို လိုလည်းမလိုအပ်ကြောင်း” စသည်ကို ရှင်းပြကာ ထိုဆိုင်ပတ်ဝန်းကျင်အနီးမှ အမြန်ပြန်ထွက်ခဲ့ရသည်။

ထို့နောက် ရာဘာဘလောက်တုံးဆိုင်တခုကို တံဆိပ်တုံး အမြန်ရရှိရေးနဲ့ လိုချင်တဲ့ပုံစံ သွင်းနိုင်ဖို့အရေး တခြားဆိုင်တဆိုင်ကို ဝင်ရောက်ညှိနှိုင်းရာမှ အဆင်ပြေချောမွေ့ကာ ၃ ရက်နေ့ နေ့လည်ပိုင်းမှာပင် သမဂ္ဂတံဆိပ်တုံးကို ရရှိခဲ့သည်။ ပြီးမှ ဦးဂမ္ဘီရ ခေတ္တ နေထိုင်ရာ သီရိမင်္ဂလာဈေးအနီးရှိ တိုက်ခန်းသို့ ပြန်လာခဲ့ရ၏။

ဦးဂမ္ဘီရ တိုက်ခန်း၌ သံဃာထုသို့ လျှောက်ထားစာလွှာများကို ရဟန်းပျိုသမဂ္ဂ ရန်ကုန်ဆိုတဲ့ တံဆိပ် ရိုက်နှိပ်နိုင်ရေးအတွက် ပြင်ဆင်ခဲ့ကြသည်။ ည ၁၂ နာရီဝန်းကျင်လောက်မှ အဆုံးသတ်နိုင်ပြီး မိမိနေထိုင်ရာ ကျောင်းတိုက်ဝန်းသို့ ဦးဂမ္ဘီရကိုယ်တိုင် လိုက်ပို့ခဲ့၏။

စက်တင်ဘာလ ၄ ရက်နေ့မနက်တွင်မှ ဦးဂမ္ဘီရ တိုက်ခန်းတွင်းရှိ လျှောက်ထားစာရွက်ထုပ်ကြီးနှင့် အကြမ်းမဖက် လူထုလှုပ်ရှားမှု မှတ်တမ်းခွေများကို သယ်ဆောင်ကာ မြေလတ်ဒေသသို့ ခရီးစတင်ခဲ့ပါတော့သည်။

ဦးဂမ္ဘီရလည်း မန္တလေးမှ မိတ်ဆွေများနှင့် လတ်တလော ဆက်သွယ်ရရှိမှု အနေအထားမှ (မိမိ စိတ်အထင်) တစုံတရာ ထူးခြားမှုကြောင့် ထိုနေ့ (စက်တင်ဘာလ ၄ ရက်နေ့) နေ့လည်ပိုင်းမှာပင် ခရီးစတင်မည့်အကြောင်း သိခဲ့ရသည်။

မိမိ၏ခရီးစဉ်သည် မြေလတ်ဒေသတခွင်လုံး အတိုင်းအတာထိ မရည်ညွန်းသော်လည်း မိမိတို့ မိတ်ဆွေ အပေါင်းအသင်းများရှိရာ၊ ရဟန်းပျိုသမဂ္ဂ(မြေလတ်) အဖွဲ့ဝင်များအခြေစိုက်ရာ ဒေသများကို ဦးစွာပထမ အရောက်သွားဖို့ ရည်ရွယ်ခဲ့သည်။ ထိုသို့ရည်ရွယ်ချက် အရင်းခံအရ သံဃာထုအား ကောင်းရာ၊ မိမိတို့အဖွဲ့ဝင် မိတ်ဆွေများ အခြေစိုက်ရာ ဒေသဖြစ်သည့် ပခုက္ကူမြို့ ပတ်ဝန်းကျင်ကို အဓိက သွားရောက်နိုင်ဖို့ အစပိုင်းက စဉ်းစားမိခဲ့၏။

သို့သော် စက်တင်ဘာလ ၃ ရက်နေ့တွင် မိမိတို့ မြေလတ်အဖွဲ့ဝင် ရဟန်းတော်များအတွင်း ဆက်သွယ်ရရှိမှု သတင်းအရ ပခုက္ကူမြို့သည် မိမိတို့ မြေလတ်သံဃာထု၏ လှုပ်ရှားမှု ဦးတည်ရာ ဗဟိုအချက်အချာအဖြစ် မကြာသော ကာလအတွင်းမှာပင် အကောင်အထည် ပေါ်လာနိုင်မည့်အရေး ကြိုတွေးမိလိုက်သည်။ သို့အတွက်ကြောင့် ထိုဒေသသို့ မိမိရောက်ရှိအောင် အချိန်မီသွားဖို့ရန်အတွက် လိုမလိုနဲ့ သင့်မသင့်ကို ပြန်လည်စဉ်းစားဆင်ခြင်ခဲ့ရတော့၏။

ပခုက္ကူမြို့သည် မိမိတို့ဒေသတွင်း သံဃာထုအားကောင်းရာ ဒေသကြီးတခုဖြစ်သလို စာပေပေါက်မြောက်သည့် ကျမ်းတတ်အကျော်အမော် ဆရာတော်များ၏ ဘူမိနက်သန် နေရာမှန်လည်း ဖြစ်ခဲ့သည်။ နိုင်ငံအနှံ့ စာချ စာသင်အလုပ်နဲ့ သာသနာပြုနေကြသည့် ဆရာတော် အကျော်အမော်အများစုသည် ပခုက္ကူထွက်များပင် ဖြစ်သည်။ မိမိတို့ ကြားဖူးခဲ့ရသည် စာချိုးအရ ဆိုရလျှင်မူ “ပခုက္ကူမရောက် စာမပေါက်” ဟုပင် စပ်ဆိုရလောက်အောင် စာပေအရာ၌ သမိုင်းအစဉ်အလာကြီးမားခဲ့ကြောင်း ထင်ရှား၏။

ထို့အပြင် ထိုဒေသသည် ဦးဂမ္ဘီရ၏ ဇာတိချက်ချွေ မွေးရပ်မြေသဖွယ် ဖြစ်သည့်အပြင် ပခုက္ကူအလယ်တိုက်ဆိုရင်လည်း စာဝါစတင်လိုက်စားရာ မိခင်စာသင်တိုက်ကြီးဖြစ်ခဲ့သည်။ မိမိရောက်သွားမှ တစုံတရာ ထူးခြားမှုဖြစ်စဉ်များ ရုတ်တရက် ဖြစ်ပွားခဲ့သည်ရှိသော် မြို့မှ ပြန်အထွက်ခက်ပြီး တခြားခရီးစဉ်များ လစ်ဟာမှု ရှိသွားနိုင်သည်ကိုလည်း မဖြစ်မနေကို ထည့်သွင်းစဉ်းစားခဲ့ရ၏။ ထိုသို့အချက်အလက်များကြောင့် မိမိ၏ ပထမဆုံးသွားရောက်မည့် ခရီးစဉ်ကို ပခုက္ကူမှလွဲ၍ တခြားဒေသများကို စဉ်းစားခဲ့ရတော့သည်။

No comments: