2/20/09

article in mizzima Part 3

ကြုံရဆုံရ ရွှေဝါရောင် တော်လှန်ရေး အကြိုကာလ - အပိုင်း (၃)
ကိုမော် | အင်္ဂါနေ့၊ မတ်လ ၃၁ ရက် ၂၀၀၉

ထိုစကားရည်လုပွဲ ပြီးဆုံး၍ကား ခဏကြာမျှ အနားယူပြီးနောက် မိမိတို့ မြေလတ် သံဃာတော်များ စုစည်းကြကာ ဦးဂမ္ဘီရ၏ ညွှန်ကြားချက်ဖြင့် ရဟန်းပျိုသမဂ္ဂ ဆိုတဲ့ ခေါင်းစဉ်ကို အသုံးပြုပြီး သံဃာ့ အစုအဖွဲ့လေးတခုကို ခိုင်မာစွာ တည်ဆောက်နိုင်ရန်အတွက် ဆွေးနွေး တိုင်ပင်ခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေး တိုင်ပင်ခဲ့ကြပြီး၍ သက်ဆိုင်ရာ ဒေသများ၌ အဖွဲ့ဝင် သံဃာအများစု၏ သဘောတူညီမှုကိုရယူကာ နိုင်ရာတာဝန် အသီးသီးကို ခွဲဝေယူကြပြီးနောက် ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ဆိုတဲ့ ဒေသဆိုင်ရာ အစုအဖွဲ့လေးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြပါတော့သည်။


ထိုဒေသဆိုင်ရာ အဖွဲ့အစည်း၌ _

1. ဦးဣဿရိယ (ဂျောင်းဂျောင်း) - အထွေထွေတာဝန်ခံ (လက်ရှိ အကျဉ်းထောင်)
2. ဦးဝါယမသာရ - တွဲဖက်တာဝန်ခံ (စာရေးသူ)
3. ဦးသီလာနန္ဒ - စည်းရုံးရေးတာဝန်ခံ
4. ဦးဝိမလ - စည်းရုံးရေးတာဝန်ခံ
5. ဦးသံဝရ - စည်းရုံးရေး တာဝန်ခံ
6. ဦးဣန္ဒာစာရ - ဘဏ္ဍာရေး တာဝန်ခံ
7. ဦးခေမိက - ဆက်သွယ်ရေး တာဝန်ခံ
8. ရှင်ဝေဠုရိယ - ရေနံချောင်း တို့နှင့် တောင်တွင်းကြီးမြို့နယ် ညောင်ဦးမြို့နယ်

စည်းရုံးရေး တာဝန်ခံဆရာတော်များ အပါအဝင် သံဃာတော် စုစုပေါင်း ၁၁ ပါးက အသီးသီးသော တာဝန်များကို ခွဲဝေယူကြကာ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ပခုက္ကူမြို့နယ်က သံဃာတချို့နှင့် စလင်းမြို့နယ် သံဃာတချို့ကို မိမိအနေဖြင့် လတ်တလော တွေ့ဆုံဆွေးနွေးနိုင်ရန် အခက်အခဲရှိနေသည်ဖြစ်၍ တာဝန်ပေးပြီး ထည့်သွင်းဖွဲ့စည်းဖို့်ရန် မဖြစ်နိုင်သေးဘဲ ဖြစ်နေခဲ့၏။ သို့ဖြစ်၍ ဦးဣဿရိယနှင့် တိုင်ပင်ကာ အဖွဲ့ဝင်အဖြစ်သာ လျာထားသတ်မှတ်ခဲ့သည်။

ထိုသို့ ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် ဦးဣဿရိယက “ရဟန်းပျိုသမဂ္ဂ မြေလတ်အဖွဲ့၏ ပထမဦးဆုံး လှုပ်ရှားမှုအနေဖြင့် ပရိတ်ကြီး ၁၁ သုတ်တော်ပါ မေတ္တာသုတ် ဒေသနာတော်နှင့် မေတ္တာဘာဝနာကို မိမိတို့ တာဝန်ယူရာ မြို့နယ်အသီးသီးရှိ စေတီပုထိုးများ၌ မိမိတို့ ဒေသအတွင်း သံဃာတော်များကို စုစည်းကာ ရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့သသော ဝတ်ပြုဆုတောင်းပွဲများကို လပြည့်လကွယ်နေတိုင်း ပြုလုပ်ကြရန်” တိုက်တွန်းပြောဆိုခဲ့သည်။ မိမိအနေဖြင့်လည်း “ကောင်းပါတယ် လုပ်ရမှာပေါ့” ဟုသာ သဘောထားပေးဖြစ်ခဲ့၏။

ထို့နောက် ဖေဖော်ဝါရီလ ၁၂ရက်နေ့၌ မိမိတို့ ဆွေးနွေးပွဲဆိုင်ရာ ခေါင်းစဉ်တခုကို ထပ်မံလေ့လာ ဆွေးနွေးနိုင်ဖို့ တိုင်ပင်ခဲ့ကြ၏။ ထိုသို့ တိုင်ပင်ရာတွင် သံဃာတချို့က ၎င်းတို့၏ ပါဠိပထမပြန် စာမေးပွဲ နီးလာသည်ဖြစ်၍ မိခင်စာသင်ကျောင်းတိုက်များသို့ အစောတလျင် ပြန်ကြွရန် စိတ်အားသန်နေကြသည်။ မိမိအပါအဝင် သံဃာတချို့အနေဖြင့်ကား ရက်အနည်းငယ်ခန့် အချိန်ယူပြီး ထပ်မံလေ့လာကာ ဆွေးနွေးလိုစိတ် ပြင်းထန်နေခဲ့သည်။ သို့ဖြစ်၍ ပြန်ကြွလိုကြသည့် သံဃာတချို့ကို ပြန်လည်ကြွချီကြဖို့ လျှောက်ထားခဲ့ကြကာ ပြန်မကြွလိုဘဲ ဆက်လက်လေ့လာ ဆွေးနွေးလိုကြသည့် သံဃာတချို့လည်း နေခဲ့ကြဖို့ လျှောက်ထားခဲ့ရ၏။

ဆွမ်းကွမ်းကိစ္စနှင့် အခြား လိုအပ်သည်များကို တာဝန်ယူကာ လှူဒါန်းနေကြသော ဒါယိကာများကိုလည်း၊ ပြန်ကြွမည့်သံဃာတော်များ အဆင်ပြေချောမွေ့စွာ ပြန်ကြွနိုင်စေရေးအတွက် ခရီးစရိတ်၊ အသုံးစရိတ်များနှင့် အခြား မိမိတို့ သဒ္ဓါတရား ထက်သန်မှုအပေါ် အခြေခံ၍ လှူဒါန်းဖွယ်ရာများကို လှူဒါန်းပူဇော်ကြရန် တိုက်တွန်းပြီး ကျန်ရှိသည့် သံဃာတော်များအတွက်လည်း ဆွမ်းကွမ်းကိစ္စကို ဆက်လက်စီမံနိုင်ရန် အကြောင်းကြားခဲ့ရ၏။

ထို့နောက် သံဃာ့ဒူတ တာဝန်ခံဆရာတော် အပါအဝင် မိမိတို့ မြေလတ်အဖွဲ့ဝင်တချို့နှင့် မန်းသံဃာတချို့ စုစည်းကာ နိုင်ငံရေးအံတုမှုဆိုသည့် ခေါင်းစဉ်တခုကို ရွေးချယ်ပြီး ထပ်မံလေ့လာ၍ ဆွေးနွေးသုံးသပ်ဖြစ်ခဲ့ကြသည်။ ထိုလေ့လာဆွေးနွေးပွဲ၌ နအဖ စစ်အစိုးရကို အကြမ်းမဖက်သော နည်းလမ်းများကို အသုံးပြုပြီး နိုင်ငံရေးအရ အတိုက်အခံပြု အံတုကာ နာခံမှုကို လျှော့ချနိုင်မည့် နည်းလမ်းများနှင့် အခြား လေ့လာဖွယ်ရာ အဖြာဖြာတို့ကို စုပေါင်းလေ့လာ၍ အပြန်အလှန် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ထို လေ့လာဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ဒုတိယပတ် အကုန်ထိ လေ့လာသုံးသပ်ခဲ့ကြပြီး ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ရန်ကုန်သို့ ပြန်လာခဲ့ကြ၏။ ရန်ကုန်၌ ဦးဂမ္ဘီရ၏ တာဝန်ယူဧည့်ခံမှုဖြင့် တည်းခိုလည်ပတ်ကာ အရှင်ဂမ္ဘီရနှင့်လည်း နိုင်ငံရေးအရ လက်တွေ့ကျသည့် ရေရှည် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ထပ်မံဆွေးနွေးဖြစ်ခဲ့သည်။ ထို့နောက် မိမိတို့ နေထိုင်သီတင်းသုံးရာ မြေလတ်ဒေသသို့ အသီသီးပြန်ကြွခဲ့ကြ၏။

တပေါင်းလပြည့်နေ့ မတိုင်မီ ရက်အနည်းငယ်သာ လိုအပ်လာချိန်မှ ဦးဣဿရိယနဲ့ မိမိ ဖုန်းအဆက်အသွယ် ပြန်ရခဲ့ပါသည်။ ဦးဂမ္ဘီရ လက်ကိုင်ဖုန်းမှတဆင့် ဦးဣဿရိယနဲ့ စကားပြောဖြစ်ခဲ့ရာက မိမိတို့ကို မေတ္တာပို့သသော ဝတ်ပြုဆုတောင်းပွဲကို တပေါင်းလပြည့်နေ့မှ အစပြုပြီး လပြည့်လကွယ်နေ့တိုင်း ပုံမှန် ပြုလုပ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါသည်၊ ထို့အပြင် ပါဝင်သည့် သံဃာထု အခြေအနေပေါ် မူတည်ပြီး အုပ်စုခွဲကာ အသေးစား လှုပ်ရှားမှုလေးက အစပြု၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားနိုင်အောင် ကြိုးစားတည်ဆောက်ကြရန် တိုက်တွန်းခဲ့၏။ မှတ်တမ်းတင် ဓာတ်ပုံများကိုလည်း ရိုက်ကူးထားကြရန် ပြောကြားခဲ့ပါသေးသည်။

မိမိအနေဖြင့်လည်း “ကောင်းပါးတယ် အနည်းဆုံးတော့ ကိုယ့်သံဃာထုအတွင်း မိမိတို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း အစရှိတဲ့ လှုပ်ရှားမှု အလေ့အထလေးတခု (သို့မဟုတ်) အသိစိတ်ဓာတ်လေးတခုတော့ ဖြစ်သွားနိုင်မှာပါ” ဟု ပြောကြားကာ ဖြစ်မြောက်အောင် ကြိုးစားပြီး အကောင်အထည် ဖော်ပါ့မယ်လို့ ကတိပေးခဲ့လိုက်၏။ ထို့နောက် မိမိတို့ မြေလတ်အဖွဲ့ စည်းရုံးရေး တာဝန်ခံ ရဟန်းပျိုများ အခြေစိုက်ရာ ဒေသများသို့ မေတ္တာပို့ ဆုတောင်းပွဲလေးများကို အသီးသီး အကောင်အထည်ဖော် ပြုလုပ်ကြရန်နှင့် မှတ်တမ်းတင် ဓာတ်ပုံများကိုလည်း ရိုက်ကူးထားကြရန် တိုက်တွန်းခဲ့ရ၏။

ထို့နောက် တပေါင်းလပြည့်နေ့မှစကာ ရေနံချောင်းမြို့ပေါ်ရှိ လောကမှန်ကင်းဘုရား ကျောက်စာရုံဘုရား၊ (ရှစ်မျက်နှာ) စနေနံဘုရားတို့၌ “ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဗမာ့ငြိမ်းချမ်းရေး” အတွက် ဟူသော ကြွေးကြော်သံကို ကိုင်စွဲကာ မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ပွဲနှင့် မေတ္တာပို့သသော လှုပ်ရှားမှုများကို သံဃာအပါး ၃ဝ ခန့်နှင့်အတူ ဦးဆောင်ပြုလုပ်ခဲ့ပါသည်။

ထို ဝတ်ပြုဆုတောင်းပွဲအတွက် တပေါင်းလပြည့်နေ့ မနက်ပိုင်းတွင်မှ ရေနံချောင်းမြို့ပေါ် စာသင်တိုက် အသီးသီးရှိ မိမိနှင့် ချိတ်ဆက်ရာ သံဃာတချို့ကို စည်းရုံးလှုံ့ဆော်ကာ ညနေ ဆုတောင်းပွဲမစမီ မိမိတို့ သတ်မှတ်ပြင်ဆင်ထားရာ စေတီများသို့ အချိန်မီ ကြွရောက်ကြရန် တိုက်တွန်းလျှောက်ထားခဲ့၏။ ထို့နောက် မိမိတို့ ဝတ်ပြုဆုတောင်းမှုပြုရာတွင် အချိုရည် အစရှိသော ဝတ္ထုပစ္စည်းများ လှူဒါန်းထောက်ပံ့ကြမည့် အလှူရှင်များထံသို့လည်း အချိန်မီ သွားရောက်အကြောင်းကြားကာ စည်းရုံးပြင်ဆင်ခဲ့ရ၏။

တပေါင်းလပြည့်နေ့ ညနေ ၅ နာရီအချိန်ခန့်မှ စတင်ကာ ရေနံချောင်းမြို့ လောကမှန်ကင်းစေတီတွင် မိမိကိုယ်တိုင် ဦးဆောင်ကာ သံဃာ ၈ ပါးနှင့်အတူ ဝတ်ပြုဆုတောင်းခဲ့သလို ကျောက်စာရုံဘုရားအတွင်း၌လည်း ဦးသံဝရ ဦးဆောင်ကာ သံဃာ ၉ ပါး၊ (ရှစ်မျက်နှာ) စနေနံဘုရားတို့၌လည်း ဦးခေမိက ဦးဆောင်ကာ သံဃာ ၆ ပါးနှင့်အတူ ဝတ်ပြုဆုတောင်းခဲ့ကြသလို အခြားစေတီ အသီးသီး၌လည်း တာဝန်ခံ သံဃာတော်များမှ ဦးဆောင်ကာ ဝတ်ပြုဆုတောင်းခဲ့ကြသည်။ ထို ဝတ်ပြုဆုတောင်းပွဲများကို သီတင်းတပတ် ဥပုသ်နေ့တိုင်း တညီတညွတ်တည်း အပတ်စဉ် စုစည်းပြုလုပ်ခဲ့ကြ၏။ အခြား မြို့နယ်အသီးသီး၌လည်း တာဝန်ခံ သံဃာတော်များမှ ဦးဆောင်ကာ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် မေတ္တာပို့သသော လှုပ်ရှားမှုများကို အပတ်စဉ် ပြုလုပ်ဖြစ်ခဲ့ကြောင်း ကြားသိခဲ့ရ၏။

ဦးဂမ္ဘီရနှင့် မိမိတို့ ရန်ကုန်၌ တွေ့ဆုံစဉ်က ဦးဂမ္ဘီရဆီ၌ နိုင်ငံရေးနှင့် ပတ်သတ်သော လေ့လာဖွယ်ရာ စာအုပ်စာပေ အများအပြားရှိသည်ဟူ၍ ပြောကြားခဲ့ဖူးသည်။ မိမိကလည်း စာဖတ်ဝါသနာပါသည့်အပြင် နိုင်ငံ့အရေးနဲ့ ပတ်သက်၍လည်း တက်ကြွမှု ရှိနေသည်ဖြစ်၍ လေ့လာချင်ကြောင်း ပြောကြားသည့်အခါ ဦးဂမ္ဘီရက သူ့အနေဖြင့် မိမိတို့ ပါဠိပထမပြန် စာမေးပွဲပြီးသည့်အခါ စီစဉ်ပေးနိုင်ပါသည်ဟု ပြောကြားခဲ့ဖူးသော စကားရပ်ကို အခြေခံကာ မတ်လ ၂၇ ရက်နေ့၌ စလေမြို့မှ ဦးဂမ္ဘီရထံ ဆက်သွယ်အကြောင်းကြားခဲ့သည်။ မိမိစာမေးပွဲ ဖြေဆိုပြီးပြီဖြစ်၍ ရန်ကုန်မြို့သို့ လာရောက်နိုင်ပြီဖြစ်ကြောင်း ဦးဣဿရိယမှတဆင့် ပြောကြားခဲ့ပါသည်။ ဦးဂမ္ဘီရက သူ ခရီးထွက်စရာ အကြောင်းကိစ္စ ပေါ်လာသည်ဖြစ်၍ တပတ်လောက် စောင့်ပါရန် မိမိထံ အကြောင်းပြန်ခဲ့၏။ ထို့နောက် မိမိလည်း မင်းဘူးနှင့် စလင်းမြို့နယ်များသို့ ခရီးထွက်ခဲ့၏။

ဧပြီလ ၈ ရက်နေ့တွင် ရန်ကုန်၌ ဦးဂမ္ဘီရ ပြန်လည်ရောက်ရှိနေပြီဟု အကြောင်းကြား၍ စလင်းမြို့နယ်မှအပြန် ချောက်မြို့မှတဆင့် ရန်ကုန်သို့ ထွက်လာခဲ့ပါသည်။ ဧပြီလ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီလောက်ကျမှ ဦးဂမ္ဘီရနှင့် ဖုန်းအဆက်အသွယ် ရခဲ့၏။ မိမိ ရန်ကုန်သို့ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားရာတွင် ဦးဂမ္ဘီရက သူ ယခုလောလောဆယ် အစည်းအဝေးတခု ရှိနေသည်ဖြစ်၍ သည်းခံပြီး နာရီဝက်ခန့် စောင့်ရန်နှင့် မိမိအတွက်လည်း အဆင်သင့်ဖြစ်အောင် သူ စီစဉ်ထားပြီးဖြစ်ကြောင်း ပြောပါသည်။ ထို့နောက် မြေနီကုန်း ကားမှတ်တိုင်အနီး လောကနတ် လက်ဖက်ရည်ဆိုင်၌ အချိန်းအချက် ပြုလုပ်ကာ ထိုင်စောင့်နေလိုက်၏။ တနာရီ ဝန်းကျင်ခန့်ကြာမှ ဦးဂမ္ဘီရ ရောက်ရှိလာခဲ့သည်။ ထို့နောက် မိမိလက်ကို ဆွဲကာ အရေးတကြီး ချိန်းဆိုထားသည့် ကိစ္စရှိ၍ တာမွေဈေးရှေ့သို့ ခပ်သုတ်သုတ် ထွက်လာခဲ့ကြ၏။

တာမွေဗလီ အနီးအနားရှိ လက်ဖက်ရည်ဆိုင်တခု၌ အဆင်သင့်စောင့်နေသော အယ်ဒီတာတဦးနှင့် ဆွေးနွေးတိုင်ပင်စရာ ရှိနေသည်ဖြစ်၍ မိမိက တခြားစားပွဲဝိုင်းသို့ ရှောင်ပေးခဲ့ရ၏။ ထို့နောက် ည ၁၁ နာရီခန့်မှ ရွှေပြည်သာမြို့နယ်အတွင်း ရောက်ရှိကြကာ အလုပ်သမားအရေး လှုပ်ရှားနေကြသူ လူငယ်တချို့နှင့် ထန်းခြောက်ပင်ကွေ့အနီး တွေ့ဆုံခဲ့သည်။ သူတို့အနေဖြင့် ငွေကြေးတချို့အတွက် အခက်အခဲရှိနေသဖြင့် ဦးဂမ္ဘီရမှ ခေတ္တ အကူအညီပေးကာ ပြေလည်စေပြီးနောက် ည ၁၂ နာရီခန့်တွင်မှ မိမိတို့ ရွှေပြည်သာ ဆရာစံရပ်ကွက်ရှိ ဒါယကာတဦး နေအိမ်သို့ ရောက်ရှိခဲ့၏။

ထို့နောက် မိမိသည် ရွှေပြည်သာမြို့နယ် ဆရာစံရပ်ကွက်ရှိ ဦးဂမ္ဘီရ ခေတ္တ သီတင်းသုံးရာ ဒါယကာတဦး အိမ်တွင်ပင် ဦးဂမ္ဘီရနှင့်အတူ နေထိုင်ခဲ့ပါသည်။ ထိုအိမ်၌ သထုံမြို့မှ ရဟန်းပျိုတပါးလည်း ဦးဂမ္ဘီရနှင့် အတူနေကာ နိုင်ငံရေးအရ စည်းရုံးလှုပ်ရှားမှုများကို ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။ နောက်ပိုင်း ဦးဂမ္ဘီရ၏ ပြောပြချက်များနှင့် အသံဖိုင်မှတ်တမ်းများအရ သိရသည်မှာ မိမိ ရန်ကုန်ရောက်ပြီး၍ ဦးဂမ္ဘီရထံ ဖုန်းဆက်စဉ် အချိန်က ပုညကရ ရဟန်းငယ်များသမဂ္ဂ ဖွဲ့စည်းရန် ဆွေးနွေးပြီး အပြန်အလှန် အကြံပြုနေကြခြင်းဖြစ်ကြောင်း သိခဲ့ရ၏။

ထို ပုညကရ ရဟန်းငယ်များ သမဂ္ဂသည် သံဃာထုအခွင့်အရေးကို ဝိနည်းတော်နှင့်အညီ ကာကွယ်ရန် ဒါယကာ၊ ဒါယိကာမများ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အစရှိသော အရေးကိစ္စ အကျပ်အတည်းများမှ အကြမ်းမဖက်ဘဲ အဆင်ပြေချောမွေ့စွာ လွန်မြောက်နိုင်စေရေးအတွက် သံဃာထုအနေဖြင့် ကြားဝင်စေ့စပ် ညှိနှိုင်းပေးရန် ရည်ရွယ်ဖွဲ့စည်းကြောင်းများ ပါရှိပါသည်။

ထိုအချိန်က ဦးဂမ္ဘီရသည် နိုင်ငံရေးသမား အတော်များများနှင့် ရင်းနှီးကျွမ်းဝင်ကာ သံဃာထုအတွင်း၌လည်း နိုင်ငံရေးအရ အတော်ဝင်ဆံ့နေပြီဖြစ်ကြောင်း သိခဲ့ရသည်။ ထို့အတူ သံဃာထုအတွင်း စည်းရုံးလှုံ့ဆော်မှုများကိုလည်း အနယ်နယ်အရပ်ရပ်မှ သံဃာတော်များနှင့် ပူးတွဲကာ အဆက်မပြတ် အလေးအနက် လုပ်ကိုင်လျက်ရှိ၏။ ထို့အပြင် လူငယ် အတော်များများကိုလည်း စည်းရုံးသိမ်းသွင်းနိုင်ခဲ့ကာ သူတို့နှင့်ပင် မကြာခဏ တွေ့ဆုံခဲ့ပြီး လှုပ်ရှားမှုမျိုးစုံကို နောက်ကွယ်မှ ပူးပေါင်းဆောင်ရွက်ခဲ့၏။

ထိုစဉ်က ဦးဂမ္ဘီရနှင့် မိမိတို့ အတူနေထိုင်ခဲ့ရာ ကာလအတွင်း မနက် ၉ နာရီလောက်တွင် ရွှေပြည်သာအိမ်မှ ထွက်ကာ ရန်ကုန်မြို့တွင်း နေရာအနှံ့ ခြေဆန့်ဖြစ်ခဲ့ကြ၏။ ထိုသို့ ခြေဆန့်မိရာအချိန်၌ မိမိတို့ ချိတ်ဆက်မိရာ သံဃာထု၊ လူငယ်ထုများနှင့် တွေ့ဆုံဆွေးနွေး ဖြစ်ခဲ့သည်များရှိသလို ကိစ္စအထွေအထူး မရှိသည့် အချိန်တချို့တွင်ကား မြို့တွင်းသို့ လှည့်လည်ကာ လူထုတွင်း အခြေအနေများကို လေ့လာဖြစ်ခဲ့သည်။

ထိုသို့ လေ့လာပြီးနောက် ည ၁ဝ နာရီ ပတ်ဝန်းကျင်လောက်မှ ပုံမှန်ဆိုသလို အိမ်ပြန်ဖြစ်ခဲ့ကြ၏။ မိမိတို့ အိမ်ပြန်ရောက်ပြီး နောက်လည်း အိပ်ရာမဝင်နိုင်ကြသေးဘဲ မိမိတို့ မြို့တွင်း လှည့်လည်စဉ်က လူထုတွင်း အတွေ့အကြုံ၊ မိမိတို့ သွားရောက်တွေ့ဆုံခဲ့ရာ ကျောင်းတိုက်မှ သံဃာထု အခြေအနေအပြင် မိမိတို့ တွေ့ကြုံဆုံဖူးခဲ့ရာ နယ်ဒေသအသီးသီး၏ အတွေ့အကြုံများ အစရှိသော ရောက်တတ်ရာရာများကိုလည်း ကွမ်းတမြုံ့မြုံ့ဝါးရင်းက ဆွေနွေးဖလှယ်ကြကာ နံနက် ၁ နာရီ ပတ်ဝန်းကျင်လောက်မှ မိမိတို့ ၃ ပါး ပုံမှန် အိပ်ဖြစ်ခဲ့ကြ၏။

မိမိရောက်ပြီး သိပ်မကြာမီ သထုံမြို့က မိမိတို့နှင့် အတူနေသူ ကိုယ်တော်တပါး ကိစ္စတခုဖြင့် ခရီးထွက်သွားခဲ့၍ မိမိနှင့် ဦးဂမ္ဘီရ နှစ်ပါးတည်းသာ ကျန်ရှိခဲ့ကာ ဆွမ်းကွမ်းကိစ္စ အဝဝတို့ကို ဦးဂမ္ဘီရ၏ ဒါယကာများမှ တာဝန်ယူ ကပ်လှူခဲ့သည်။ သီတင်းတပတ်လောက်အတွင်း ဦးဂမ္ဘီရ အစီအစဉ်ဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့က ကိုယ်တော်တပါး ရောက်ရှိလာကာ မိမိတို့နှင့် အတူနေထိုင် လှုပ်ရှားခဲ့သည်။ ထိုသို့ နေထိုင်လှုပ်ရှားနေစဉ်အတွင်း ဦးဂမ္ဘီရ ဦးဆောင်ဖွဲ့စည်းခဲ့သော ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) ၏ လှုပ်ရှားမှု တစိတ်တဒေသကို သိရှိခဲ့ရ၏။

ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) ဆိုတဲ့ သံဃာ့အစုအဖွဲ့လေးတခုကို ၂ဝဝ၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့၌ ဦးဂမ္ဘီရ ဦးဆောင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်၊ ထောက်ကြန့်မြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်တို့မှ ရဟန်းပျိုများ စုပေါင်းပါဝင်ကာ သံဃာတော်ပေါင်း ၉ ပါးဖြင့် ရန်ကုန်တိုင်း အလုံမြို့နယ်အတွင်းရှိ သဒ္ဓမ္မာဝံသာရုံ ကျောင်းတိုက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖွဲ့စည်းခဲ့ပြီးနောက် ကြေညာချက်အမှတ် ၁/၂ဝဝ၆ ကို ထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင် ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင် ၅ ဦး ဖမ်းဆီးခံရမှုမှ ပြန်လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ လူထု အထွေထွေ အကျပ်အတည်း ဖြေရှင်းနိုင်ရန်အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးခြင်း မရှိပါက ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) မှ ဦးဆောင်ကာ နအဖ စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံဆောင်မည် ဖြစ်ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့၏၊ ကြေညာချက်ကို သံဃာထုနှင့် လူထုအတွင်း တစိတ်တဒေသ ဖြန့်ဝေခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန အစရှိသော ဌာနဆိုင်ရာများသို့ ပေးပို့ခဲ့ပြီး သြဇာအရှိန်အဝါကြီးမားသော စာသင်တိုက် ဆရာတော်ကြီး ၂၅ ပါးထံသို့လည်း ပေးပို့ကာ အကြောင်းကြားခဲ့၏။

No comments: