ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ အပိုင်း(၂)
ကိုမော် | သောကြာနေ့၊ မတ်လ ၀၆ ရက် ၂၀၀၉
ကိုလှိုင်ဘွားဆိုသူနှင့် မိမိတို့ စကားပြောနေစဉ်အတွင်း စိန်တောင်တန်း လ္ဘက်ရည်ဆိုင်၌ လူများ စည်ကားလှပါသည်။ ထိုဆိုင်အတွင်း၌ မိမိတို့ ထိုင်နေစဉ်အတွင်း မိမိအပါအ၀င် သံဃာ ၇ ပါး အာရုံဆွမ်းအဖြစ် နံနက်စာများ သုံးဆောင်လျက်ရှိ၏။ ထိုသံဃာ ၇ ပါး ရှိရာမှ ၅ ပါးမှာ မိမိနှင့်အတူ ရေနံချောင်းမှ အတူထွက်လာကြသူများဖြစ်ပြီး၊ ကိုလှိုင်ဘွား ဆိုသည့် ဘုန်းတော်ကြီး အပါအ၀င် ၆ ပါးကိုသာ မိမိတို့နှင့် ပတ်သက်သည့် ကိုယ်တော်များ ဖြစ်ကြောင်း သိထားခဲ့၏။
ကျန်သံဃာတပါးမှာ သက်တော်အားဖြင့် ၆၀ ကျော်၊ ၇၀ ပတ်ဝန်းကျင်ရှိသည့် ရဟန်းကြီးတပါးဖြစ်၏။ ရဟန်းကြီးမှာ တပါးတည်း မိမိတို့အနီးရှိ စားပွဲတ၀ိုင်း၌ သီးသန့်ထိုင်၍ မိမိတို့အား မသိမသာ အကဲခတ်နေဟန် ရှိသည်။ ထို့အတူ ကိုလှိုင်ဘွားကလည်း ထိုဦးဇင်းကြီးကို မကြာခဏ သတိပြုကာ စူးစမ်းနေသည်ကို မိမိ ရိပ်မိလိုက်၏။ ထိုအခိုက် မိမိစိတ်ထဲတွင် မှတ်ယူလိုက်သည်မှာ မိမိတို့အား စစ်ထောက်လှမ်းရေး (သို့) ကြံ့ခိုင်ရေးအဖွဲ့က ခြေရာခံမိကာ အယောင်ဆောင် ဘုန်းတော်ကြီးတပါးကို ထည့်ပေးလိုက်သည်ဟု တွက်ဆမိ၏။
ထိုသို့ တွက်ဆရသည်မှာလည်း မိမိတို့ ထွက်လာခဲ့သည့် နောက်ကြောင်းကား စိတ်အေးဖွယ်ရာ မရှိ၍ ဖြစ်သည်။ မိမိ ဦးဣဿရိယနဲ့ စတင်တွေ့ထိ ရင်းနှီးခဲ့စဉ်ကာလသည် ဦးဣဿရိယအား ရေနံချောင်းရှိ နအဖ အာဏာပိုင်များမှ အချိန်ပြည့် စောင့်ကြည့်တာ ခံနေရချိန်ဖြစ်၏။ မိမိနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့် ရေနံချောင်းမြို့ ဈေးကြီးအနီး လ္ဘက်ရည်ဆိုင်တခု၌လည်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုသည့် အဖွဲ့က လူတယောက် ထိုသို့ နောက်ယောင်ခံလိုက်ကာ စောင့်ကြည့်နေသည်ကို ကြုံခဲ့ရဖူးသည်ဖြစ်၍ မိမိစိုးရိမ်စိတ် ကဲနေရခြင်းဖြစ်၏။ ထို့အတူ မိမိကိုယ်တိုင်၏ နိုင်ငံရေး နောက်ခံအရလည်း စိတ်ချရသည့် အခြေအနေမရှိ၍ ထိုသို့ စဉ်းစားမိခြင်းဖြစ်သည်။
ထို့နောက် မကြာလိုက်ပါ ကိုလှိုင်ဘွားသည် ထိုဦးဇင်းကြီး စားပွဲဝိုင်းသို့ ထသွားကာ သာကြောင်းမာကြောင်း မေးပြီး တရိုတသေ နှုတ်ဆက်လေတော့၏။ ဦးဇင်းကြီးကလည်း ကိုလှိုင်ဘွား ဟုတ်မဟုတ်ကို သေချာအောင် ဆန်းစစ်နေဟန်ရှိသည်။ ကိုလှိုင်ဘွားသည်ကား ထိုဦးဇင်းကြီး၏ ဟန်ပန်အမူအရာကို ကြည့်၍ သူကြိုဆိုရမည့် ဘုန်းတော်ကြီးတပါး ဖြစ်ကြောင်း သဘောပေါက်မိ၍ ရင်းရင်းနှီးနှီး မိတ်ဆက်ကာ နေလေ၏။ နောက်ပိုင်း ကိုလှိုင်ဘွားက ပြောပြမှ ၎င်းဦးဇင်းကြီးမှာ ဦးဣဿရိယ၏ အစီအစဉ်နဲ့ ချောက်မြို့မှ တပါးတည်း ထွက်လာသူ ဖြစ်ကြောင်း သိခဲ့ရသည်။
မနက် ၇ နာရီလောက်တွင် မိမိထံသို့ ကိုလှိုင်ဘွား လက်ကိုင်ဖုန်းမှတဆင့် ဦးဣဿရိယ ဖုန်းဆက်ပါသည်။ မိမိတို့ အဆင်ပြေမှု ရှိ၊ မရှိနဲ့ လမ်းခရီး အခြေအနေတို့ကို မေးမြန်းပြီး၊ မကြာမီ သူလည်း ရောက်လာမည်ဖြစ်ကြောင်း ပြောပါသည်။ ဦးဣဿရိယမှာ ရေနံချောင်းမြို့၌ အခြေစိုက်ကာ HIV ဝေဒနာသည်များကို တစိုက်မတ်မတ် အကူအညီပေးနေသူ ဖြစ်သည့်အတွက် နအဖ အာဏာပိုင်များမှ သူ့ကို အမြဲသတိထားကာ သွားရာလာရာ နေရာများကို စုံစမ်းထောက်လှမ်းလေ့ရှိသည်။ ထို့ကြောင့်ပင် သူသည် ၂၀၀၆ နှစ်ကုန်ပိုင်းတွင် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းသို့ ပြောင်းရွှေ့ကာ သီတင်းသုံးခဲ့ရသူဖြစ်၏။ သို့ဖြစ်၍ လုံခြုံရေး အခြေအနေအရ ရန်ကုန်သို့ မရောက်မီ လမ်း၌ တမြို့ဝင် တမြို့ထွက် အဆင့်ဆင့် ကားစီး၍ ခြေရာဖျောက်ကာ လာခဲ့ရခြင်းဖြစ်သည်။
မနက် ၈ နာရီခွဲလောက်တွင် ကိုလှိုင်ဘွားသည် မိမိတို့ စားပွဲဝိုင်းနှင့် ခပ်လှမ်းလှမ်းတနေရာတွင် ထိုင်နေသော ဒကာကြီးတယောက်ဆီ သွားရောက်ပြီး တိုင်ပင်ပါသည်၊ ထို့အခါကျမှ ကိုလှိုင်ဘွားနှင့် ထိုဦးလေးကြီးမှာ အတူလာကြသူများဖြစ်မှန်း ရိပ်မိပါတော့၏။ ထို့နောက် မိမိအား ကားလက်မှတ်ဝယ်လိုက်ရန် ပြောသဖြင့် ကိုလှိုင်ဘွားနှင့် အတူပါလာသူ ဦးလေးကြီးနှင့် လိုက်ခဲ့ရပါသည်။ ထို့နောက် ထိုဦးလေးကြီး၏ မှတ်ပုံတင်ကို မသိမသာ ကြည့်မိရာမှ ထိုဦးလေးကြီး၏ အမည်မှာ ဦးတင်ကြွယ်ဖြစ်မှန်း သိခဲ့ရ၏။ (ထိုဦးလေးကြီးမှာ နောက်ပိုင်း အရှင်ဂမ္ဘီရ၏ ဖခင်ဖြစ်သူဟု အရှင်ဂမ္ဘီရ အဖမ်းခံရသည့်အချိန်တွင် မိဒီယာများမှ မှားယွင်း ထုတ်လွှင့်ခြင်း ခံခဲ့ရဖူးသည့် ကပ္ပိယ ဒကာကြီးတဦးဖြစ်သည်။)
ထို့နေ့ ကားအဆင်မပြေသဖြင့် ကြည့်မြင့်တိုင်မြို့နယ်ရှိ ကိုလှိုင်ဘွား၏ မိတ်ဆွေတဦး အိမ်တွင် မိမိတို့ တည်းခိုခဲ့ရသည်။ ထို့အချိန်အထိ ကိုလှိုင်ဘွားဆိုသည့် ဘုန်းကြီး၏ ရဟန်းဘွဲ့တော်ကို မသိရသေးပါ။ ၎င်းအိမ်တွင် မိမိတို့နှင့်အတူ မန္တလေးမှ သံဃာ ၇ ပါးလည်း ရောက်ရှိနေ၏။ ထို့အပြင် သံဃဒူတအဖွဲ့ တာဝန်ခံ ဆရာတော်တပါးလည်း ထိုအိမ်၌ ရှိနေ၏။
မိမိတို့ အိမ်ရောက်ပြီး မကြာမီမှာပင် ကိုလှိုင်ဘွားသည် မန္တလေးက သံဃာတပါးနှင့်အတူ ဖုန်းမက်ဆေ့ခ်ျအရ အပြင်သို့ ထွက်သွားပါသည်။ မိမိတို့ ရောက်ရှိနေရာဖြစ်သည့် ကိုလှိုင်ဘွား၏ မိတ်ဆွေအိမ်သည် ပထမအလွှာရှိ သာမန် တိုက်ခန်းကျဉ်းလေးတခုသာ ဖြစ်နေသည့်အတွက် မိမိတို့ သံဃာ ၁၀ ပါးကျော်နှင့် လူတချို့အတွက် အလွန်ကျဉ်းကျပ်လှပါသည်။ သို့သော်လည်း ကိုလှိုင်ဘွားမှ လုံခြုံရေးအရ အပြင်ကို အုပ်စုလိုက်မထွက်ကြဖို့နဲ့ ၀ရန်တာမှာလည်း အုပ်စုလိုက် ထွက်မထိုင်ဖို့ မှာကြားခဲ့သည့်အတွက် မိမိတို့အဖို့ နေရထိုင်ရတာ အတော်ကို အခက်တွေ့နေရပါတော့သည်။
ထိုနေ့ နေ့ခင်း ၂ နာရီ ပတ်ဝန်းကျင်လောက်တွင် ကိုလှိုင်ဘွား ပြန်ရောက်လာပါသည်။ သူနှင့်အတူ လူတဦးလည်း ပါလာခဲ့သည်။ ထိုလူမှာလည်း ရန်ကုန်နိုင်ငံရေး အသိုင်းအ၀ိုင်းထဲမှ လတ်တလော လှုပ်ရှားနေသူဖြစ်၏။ ထိုလူအား ပန်းချီဆရာတဦးဖြစ်ကြောင်း ကိုလှိုင်ဘွားက မိတ်ဆက်ပေးပြီး သူ့အား ပန်းချီးဆရာဟုသာ ခေါ်ဝေါ်သုံးစွဲပါသည်။ ထိုပန်းချီဆရာမှ မိမိတို့အား ကိုလှိုင်ဘွား၏ မိတ်ဆွေအိမ်၌ ကျဉ်းကျပ်မည်စိုး၍ သူ့အိမ်တွင် ညအခါ သံဃာတချို့ လာရောက်ကျိန်းစက်ဖို့ ပင့်လျှောက်ပါသည်။ သို့သော်လည်း ကိုလှိုင်ဘွားက မိမိတို့၏ လုံခြုံရေးအား စိတ်မချသည်ဖြစ်၍ သူ့မိတ်ဆွေအိမ်၌ သူနှင့်အတူ ကျိန်းစက်ရန်သာ စီစဉ်ပြီး၊ မိမိတို့အား ညပိုင်း ဆားဗီးယား၊ ချီလီ၊ တောင်အာဖရိက အစရှိသည့် အကြမ်းမဖက် လှုပ်ရှားမှုများနှင့် အာဏာရှင်အား အောင်ပွဲခံခဲ့သည့် အပြောင်းအလဲ မှတ်တမ်းများကို ကြည့်ရှုခဲ့ရ၏။
ထိုနေ့ည၌ မိမိတို့ ညဥ့်နက်သည်အထိ မအိပ်ဖြစ်ခဲ့ကြ၍ ကိုလှိုင်ဘွားနှင့်လည်း စကားအများအပြား ပြောဖြစ်ခဲ့ကြသည်၊ ထိုသို့ စကားပြောဖြစ်ခဲ့ရာမှ ကိုလှိုင်ဘွားသည် မိမိတို့နှင့် စတွေ့ခဲ့စဉ်က မိမိတို့ခေတ် ရဟန်းပျိုတပါး၏ နေပုံထိုင်ပုံ ၀တ်စားဆင်ယင်ပုံနှင့် နှိုင်းယှဉ်၍ကား - ပုံစံ ပေတိပေစုတ် နိုင်သလောက် စိတ်ထားဖြူစင်သူ၊ အတွေ့အကြုံ ရင့်ကျက်သူတဦးဖြစ်ပြီး၊ စကားပြောရာ၌လည်း အေးဆေးတည်ငြိမ်မှု အပြည့်ရှိကြောင်းနှင့် ပါဠိစာပေနှင့် ပတ်သက်၍လည်း နှံ့စပ်ကျွမ်းကျင်သူဖြစ်ကြောင်း သိရှိခဲ့ရသည်၊ ထို့အပြင် နိုင်ငံရေးနှင့် ပတ်သက်၍လည်း ခံယူချက်နှင့် ခံစားချက် ပေါင်းစပ်ကာ တစိုက်မတ်မတ် လုပ်ကိုင်နေသူဖြစ်ကြောင်း ထိုစဉ်က မှက်ချက်ချမိခဲ့၏။
၆ ရက်နေ့ နံနက်ပိုင်း၌ ကိုလှိုင်ဘွား၏ ဖိတ်ကြားမှုဖြင့် ညီညီဇော် ဆိုသူ လူငယ်တယောက် မိမိတို့နှင့် လာရောက်တွေ့ဆုံကာ လူ့အခွင့်အရေးနှင့် ပတ်သက်သော အချက်အလက်တချို့ကို ရှင်းလင်းဆွေးနွေးပြသည်။ ထိုလူငယ်သည် အစ္စလာမ် ဘာသာဝင် ဖြစ်သော်လည်း မိမိတို့နှင့် ပြောဆိုဆက်ဆံရာတွင် ရိုသေလေးစားမှု အပြည့်ရှိကာ ဘာသာရေးအရ ခွဲခြားမှု အထူးတလည် မရှိသူဖြစ်သည်။ သူသည် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ပညာပေးရေးလုပ်ငန်းကို လူထုအတွင်းသို့ ကျယ်ကျယ်ပြန့်ပြန့် စိမ့်ဝင်ကာ လူတိုင်းလူတိုင်း ကိုယ့်အခွင့်အရေးကို ကိုယ်အရယူ၍ သူတပါးကိုလည်း မထိခိုက်အောင် စနစ်တကျ အသုံးချတတ်စေဖို့ကို တစိုက်မတ်မတ် ပညာပေးချင်သူဖြစ်ကြောင်း၊ ထို့အပြင်လည်း မျက်မှောက်ခေတ် မိမိတို့ တိုင်းပြည်၌ လိုအပ်နေသည့် စစ်အာဏာရှင်စနစ် အလုံးစုံ ချုပ်ငြိမ်းရေးကိုသာ အထူးတလည် ဂရုတစိုက် လုပ်ကိုင်ချင်ကြောင်း ဘာသာရေးအရ ခွဲခြားမှု၊အစွန်းရောက်မှုတို့ကို မလိုလားကြောင်း မိမိတို့အား ပြောကြားခဲ့ပါသည်။
ထို့နောက် ကိုလှိုင်ဘွားမှ နာရီပိုင်း ဆွေးနွေးပွဲကို အဆုံးသတ်ကာ မိမိတို့ ခရီးထွက်ဖို့ ပြင်ဆင်စေပါသည်။ သွားရမည့် ခရီးစဉ်ကိုလည်း အသေးစိတ် ပြောပြပါသည်။ ထိုမဝေးလှသည့် ခရီးစဉ်မှာ မိမိတို့အား ကိုလင်း ဆိုသူမှ တာဝန်ခံခေါ်မှာဖြစ်ပြီး ညီညီညွတ်ညွတ် ရှိကြရန်နှင့် ကိုလင်း၏ အရိပ်အခြေကိုကြည့်ကာ ပါးပါးနပ်နပ် ရှိကြဖို့ကိုလည်း အလေးထားမှာကြားပါသည်။ မကြာမီမှာပင် မိမိတို့ ၃ ပါး တတွဲစီခွဲကာ ခရီးထွက်ခဲ့ရပါတော့သည်။
ထို့နောက် ရန်ကုန်နှင့် သိပ်မဝေးလှသည့် မြို့တမြို့၏ ဆင်ခြေဖုံးရပ်ကွပ်တခုရှိ အိမ်ကြီးတအိမ်သို့ မိမိတို့ ရောက်ရှိခဲ့ကြပါသည်။ မိမိတို့ထက် အရင်၌ကား သံဃဒူတ တာဝန်ခံဆရာတော်နှင့် ဦးဣဿရိယတို့ ရောက်ရှိနေကြပြီး၊ မန္တလေးက ကိုယ်တော်များကိုပါ အဆင်သင့် တွေ့ခဲ့ရ၍ မိမိတို့ ပိုမိုအားတက်ခဲ့ရပါသည်။
၈ ရက်နေ့ နံနက် ၉ နာရီခန့်ကစ၍ မိမိတို့ လူထုစည်းရုံးရေး လုပ်ငန်းစဉ်များကို ဆွေးနွေးဖြစ်ခဲ့ကြသည်။ ထိုသို့ ဆွေးနွေးရာတွင် လူထုတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်မည့် နည်းနာများကို အသေးစိတ် လေ့လာသုံးသပ်ခဲ့ကြ၏။ ထိုဆွေးနွေးပွဲကို သံဃာ ၁၄ ပါး ပတ်ဝန်းကျင်ခန့်နှင့် အခြား ဒကာ ၄ ဦးတို့လည်း တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲအား ၄ ရက်တိုင်တိုင် ဆွေးနွေးသုံးသပ်ကြပြီး၍ ဆွေးနွေးပွဲ အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် ဦးဣဿရိက စကားရည်လုပွဲတခုလုပ်ဖို့ အဆိုပြုလာခဲ့ပါသည်။ ထို့အတူ မိမိတို့အား ကိုလှိုင်ဘွားမှ ပေးလိုက်သော စာကိုပြ၍ အလေးအနက်ဖတ်ရှုကာ လက်တွေ့ကျကျ စဉ်းစားပြီး အဆင်ပြေရင်ဖြင့် ယနေ့ည အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားကြရန် ပြောခဲ့ပါသည်။
ထိုစာထဲ၌ ပါဝင်သော အဓိက အချက်အလက်များမှာ ကိုလှိုင်ဘွားသည် ကျန်းမာရေး ချို့တဲ့နေသည်ဖြစ်၍ မိမိတို့အား ကိုယ်တိုင်ကိုယ်ကျ လိုက်မပို့နိုင်ခဲ့ကြောင်း ထိုသို့ လိုက်မပို့နိုင်ခဲ့သည့်အတွက် သူ့အနေဖြင့် အထူးစိတ်မကောင်း ဖြစ်မိကြောင်းကို အစချီပြီး မိမိတို့ လတ်တလော ဆွေးနွေးနေသော အကြောင်းအရာ အချက်အလက်များကို စနစ်တကျ အလေးအနက်ထားကာ ဆွေးနွေးညှိနှိုင်းကြရန်နှင့် ဤဆွေးနွေးပွဲပြီး၍ မိမိတို့ နေရပ်ဒေသကို မပြန်ခင်ကာလအတွင်း မိမိတို့ မြေလတ်အုပ်စုအနေဖြင့် ရဟန်းပျိုသမဂ္ဂ (မြေလတ်) ဆိုသည့် အမည်နာမတခုကို အသုံးပြုကာ စနစ်တကျဖွဲ့စည်းနိုင်ဖို့ တိုက်တွန်းလိုကြောင်း၊ ဤသို့ ဖွဲ့စည်းထားသည့် အားလျော်စွာ ညီညီညွတ်ညွတ်နဲ့ တိုင်းကျိုးပြည်ကျိုး၊ အမျိုးဘာသာ သာသနာအကျိုးကို စနစ်တကျ အကောင်အထည်ဖော်ကာ အကျိုးပြုနိုင်ကြလိမ့်မည်ဟု သူ့အနေဖြင့် အပြည့်အ၀ ယုံကြည်နေပါကြောင်းများ ပါဝင်ပြီး၊ သမဂ္ဂရန်ပုံငွေအဖြစ်လည်း ဒကာ၊ ဒကာမများမှ လှူဒါန်းကြဖို့ အစီအစဉ်ရှိကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ထိုသမဂ္ဂ ရန်ပုံငွေများပေါ် မူတည်ပြီး၊ သမဂ္ဂလှုပ်ရှားမှုများနှင့် ပတ်သက်၍ လိုအပ်သည်များကိုလည်း ၎င်းအနေဖြင့် ထည့်ဝင်ကူညီသွားနိုင်အောင် ကြိုးစားသွားမည်ဟု အဆုံးသတ်ထားကာ ပုံ ဦးဂမ္ဘီရ (ရဟန်းပျိုသမဂ္ဂ-ရန်ကုန်) ဟူသော အသုံးအနှုန်းဖြင့် ကိုယ်ပိုင်လက်မှတ်ထိုးကာ မိမိတို့အား လမ်းညွှန်ခဲ့ပါသည်။ ထိုအချိန်ကျမှသာလျှင် ကိုလှိုင်ဘွား ဟူသော ဘုန်းကြီးတပါး၏ ဘွဲ့တော်မှာ ဦးဂမ္ဘီရဖြစ်ကြောင်းကို မိမိတို့ သိခဲ့ရ၏။
ထို့နောက်ကား မိမိတို့အားလုံး ညှိနှိုင်းကာ သံဃာတော်များသည် လူများထက် လူထုစည်းရုံးရေးကို ပိုမိုလုပ်ဆောင်နိုင်သည် ဟူသော ခေါင်းစဉ်ကို အကြောင်းတင်ပြီး၊ အုပ်စုနှစ်ခုခွဲ၍ အုပ်စုတခု၌ သံဃာ ၃ ပါး ပါဝင်ပြီး ကျန်သံဃာများနှင့် လူများကို အဆုံးအဖြတ် အမှတ်ပေးဒိုင်အဖြစ် သတ်မှတ်ကာ အပြန်အလှန် ငြင်းခုံဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် မိမိနှင့် ဦးဝိမလ အပါအ၀င် သံဃာသုံးပါးက သံဃာတော်များဘက်မှ ကာကွယ်ပြောဆိုကာ ဦးဣဿရိယနှင့် မန်းသံဃာတချို့က လူများဘက်မှ ခုခံပြောဆိုပြီး၊ ငြင်းခုံဆွေးနွေးခဲ့ကြသည်။ ထိုစကားရည်လုပွဲသည်ကား မိမိအနေဖြင့် သင်္ကန်းဝတ်ကာလ ၅ နှစ် ရဟန်းဝါ ၂ ၀ါအတွင်း ပထမဦးဆုံး အတွေ့အကြုံပင် ဖြစ်ခဲ့၏။
2/20/09
Subscribe to:
Post Comments (Atom)
No comments:
Post a Comment