1/25/08

poet monk in Mdy prison


မန္တလေးထောင်ထဲရောက်နေတဲ့ သံဃာတစ်ပါးဖွဲ့ခဲ့တဲ့ကဗျာ လို့ ဆိုတယ်။ သွားကြည့်ကြပါဦး။
http://bigbbrown.blogspot.com/2007/12/silent-leader-poet-min-set.html

Read More...

သာသနာညစ်နွမ်းစေမှုဖြင့် ဖမ်းဆီးခံထားရသည့် သက်ကြီးသံဃာများနှင့် သီလရှင်များ ထောင်တွင်း ကျန်းမာရေးဆိုးရွား

19 January 2008ဦးသားညွန်ဦး VOICE OF AMERICA

ပြီးခဲ့တဲ့ စက်တင်ဘာလ ဗုဒ္ဓဘာသာ သံဃာတွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြတာကို စစ်အစိုးရကနေ အကြမ်းဖက် နှိမ်နင်းပြီးတဲ့နောက် ဘုန်းကြီးကျောင်းတွေ အတော်များများကို လုံခြုံရေး အာဏာပိုင်တွေက ၀င်ရောက်စီးနင်းပြီး သံဃာတော်တွေ တော်တော်များများလည်း အဖမ်းခံ ခဲ့ရပါတယ်။
ဒီလို ဖမ်းတဲ့ ဆီးတဲ့အထဲ မြောက်ဥက္ကလာပ ဘုန်းကြီးကျောင်းတစ်ခုက သက်ကြီးရွယ်အို သံဃာတော်တွေ၊ သီလရှင်တွေလည်း အဖမ်းခံခဲ့ရပြီး သူတို့ကို သာသနာ ညစ်နွမ်းမှုဆိုတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆို ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် သံဃာတော်တွေကတော့ သူတို့ကို မတရား စွပ်စွဲ ခံရထားရတယ်လို့ ဆိုပြီး ထောင်ထဲမှာ လူဝတ်လဲခံရပေမယ့် ရဟန်းသိက္ခာ မချထားဘူးလို့လည်း သိရပါတယ်။
ဒီသံဃာတွေ၊ သီလရှင်တွေဟာ နဂိုကတည်းက ဆင်းရဲနွမ်းပါးတဲ့အပြင် အသက်အရွယ် ကြီးတာကြောင့် အခုထောင်ထဲမှာ ကျန်းမာရေး ချို့တဲ့မှုတွေ ဖြစ်နေတယ်လို့ သူတို့ရဲ့ အမှုကို လိုက်ပေးနေတဲ့ ရန်ကုန်မြို့က ရှေ့နေ ဦးဖိုးဖြူက ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးသားညွန်ဦးက ရှေ့နေ ဦးဖိုးဖြူကို မေးမြန်းတော့ ရှေ့နေဦးဖိုးဖြူက အခုလို ရှင်းပြပါတယ်။


“ရဟန်းတော် ၇ ပါး၊ သီလရှင် စုစုပေါင်း ၇ ပါးပါတယ်၊


ဦးအာနန္ဒ သက်တော် ၆၁ နှစ်၊ ၀ါတော် ၄၀၊ နောက်တစ်ခါ
ဦးဝိမာလ သက်တော် ၆၆ နှစ်၊ နောက်တစ်ပါးက
ဦးပညာနန္ဒ၊ နောက်တစ်ပါးကျတော့
ဦးကုသလ၊ သက်တော် ၆၃ နှစ်၊
ဦးနာရ၀ရ၊ သက်တော် ၆၉ နှစ်၊
ဦးဝိသုတိ၊ သက်တော် ၅၃ နှစ်၊
ဦးပညာသာမိ၊ သက်တော် ၅၃ နှစ်၊

အဲဒါက ရဟန်းတော်တွေပါခင်ဗျ။ နောက်ပြီးကျတော့

ဒေါ်ပညာသိင်္ဂီ သက်တော် ၅၄ နှစ်၊
ဒေါ်စိတ္တတိ သက်တော် ၃၂ နှစ်၊
ဒေါ်ထေရီ သက်တော် ၇၀၊
ဒေါ်ဝဏ္ဏ သက်တော် ၆၇ နှစ်၊
ဒေါ်ပုဏ္ဏမီ သက်တော် ၈၀၊ နောက်ပြီးတော့
ဒေါ်သိင်္ဂီ သက်တော် ၆၄ နှစ်၊
ဒေါ်သီလနန္ဒီ သက်တော် ၄၈ နှစ်၊

အဲဒီထဲကမှ ဦးအာနန္ဒနဲ့ ဦးနာရ၀ရတို့က လေဖြတ်ပြီးတော့ ရုံးပေါ်ကို အမှု လာရင်ဆိုင်နေရတယ် ခင်ဗျ။ သက်တော် ၇၀ ဖြစ်တဲ့ ဒေါ်ထေရီနဲ့ သက်တော် ၈၀ ရှိတဲ့ ဒေါ်ပုဏ္ဏမီတို့ကလည်း တော်တော် ကျန်းမာရေး အခြေအနေ ဆိုးနေတယ်ခင်ဗျ။ ရုံးတော်ကို ဖျားဖျားကြီးနဲ့ပဲ လာတက်နေရတယ်။ ရုံးချိန်း ချိန်းလိုက်တာ ၁၀ ကြိမ်မှာမှ လောလောဆယ်ထိ သက်သေ တစ်ယောက်ပဲ စစ်ရသေးတယ်ခင်ဗျ။ နောက်ပြီးတော့ နာမကျန်းဖြစ်နေတဲ့၊ လေဖြတ်နေတဲ့ အနေအထားမျိုးနဲ့ ဆေးဝါးတွေလည်း မရရှိဘဲနဲ့ ရုံးတက်နေရတယ်လို့ ကျနော် သိရပါတယ်။ အဲဒီအမှုကို ကျနော် မနေ့ကပဲ ဒီအမှုကို ကျနော် လက်ခံလိုက်တယ်ခင်ဗျ။”

အခု ဒီဘုန်းကြီးတွေ၊ သီလရှင်တွေကို သာသနာညိုးနွမ်းမှုနဲ့ တရားစွဲထားတယ် ဆိုတော့ သူတို့ကရော ဘာတွေများ လုပ်ခဲ့လို့လဲခင်ဗျ။ -


“စွပ်စွဲချက်တွေတော့ ရှိပါတယ်၊ ကျောင်းတိုက်ကို အခကြေးငွေ ယူပြီးတော့ လက်ခံတယ်၊ နောက် ရဟန်း ရက်ချုပ် အတုတွေ ကိုင်ဆောင်ထားတယ်။ နောက် ကိုယ်ရင်ကြီးများကို ရဟန်းအဖြစ် အယောင်ဆောင်ထားတယ်လို့ သူတို့က အဲလို စွပ်စွဲထားပါတယ်ခင်ဗျ၊ နောက်ပြီးတော့ ဆင်ဆာမဲ့ ဗီဒီယိုတွေ၊ ညစ်ညမ်းဗွီဒီယိုတွေလည်း သိမ်းဆည်းထားတာကို တွေ့ရတယ်ခင်ဗျ။ ကိုယ်တော်ကြီးတွေကို မေးတဲ့အခါကျတော့ သူတို့ကျောင်းအနေနဲ့ ဒါမျိုးတွေ မရှိပါဘူး၊ သူတို့တွေ ဒါမျိုးတွေလုပ်တဲ့ သူတွေ မဟုတ်ပါဘူး၊ သက်တော်ဝါတော်တွေလည်း အလွန်ကြီးနေပါပြီ။ ဒါကြောင့်မိုလို့ ဒါမျိုးတွေလည်း မကြည့်ပါဘူး၊ ကြည့်ရအောင် ဘာစက်မှလည်း မရှိပါဘူးလို့ ပြောတယ်။ ကျနော်ကလည်း ကျောင်းတိုက်ကို သွားကြည့်တယ်ခင်ဗျ။ ကျောင်းတိုက်က သစ္စာသရဖူ ကျောင်းတိုက်၊ အာသာဝတီ ကျောင်းဝင်းထဲမှာ ရှိတယ်၊ မြောက်ဥက္ကလာ။ ကျောင်းက တော်တော် ဆင်းရဲပါတယ်ခင်ဗျ။ အဲလိုမျိုး အပေါ်စက်တွေ၊ အောက်စက်တွေ အဲလိုမျိုးကြည့်လို့ရတဲ့ ကျောင်းမျိုးလည်း မဟုတ်ဘူးခင်ဗျ။”


ဟုတ်ကဲ့၊ ဘုန်းကြီးတွေကျတော့ ဒီပြစ်မှုနဲ့ပေါ့၊ သီလရှင်တွေကျတော့ ဘာပြစ်မှုနဲ့ စွဲချက် တင်ထားပါသလဲ။ -


“ဟုတ်ကဲ့၊ သီလရှင်တွေကိုလည်း ဒီပြစ်မှုထဲမှာပဲ တတွဲတည်းပဲ စွဲဆိုထားတယ် ခင်ဗျ၊ သီလရှင်တွေနဲ့ ပတ်သက်ပြီးတော့ သီးခြား ဘာမှ သက်သေခံ ပစ္စည်း အနေနဲ့ သိမ်းဆည်းထားတာတော့ မရှိပါဘူး ခင်ဗျာ။”
ဟုတ်ကဲ့၊ သူတို့ကို ဘယ်အချိန်တုန်းက စပြီးတော့ ဖမ်းတာလဲခင်ဗျ။ -


“သူတို့ကို ၂၈ ရက်နေ့ ၉ လပိုင်းက စဖမ်းတယ်လို့ သိရပါတယ်။”


အဲဒီတော့ ကျနော်တို့ ဒီ စက်တင်ဘာ လှုပ်ရှားမှုတွေ ဖြစ်နေတဲ့ကာလပေါ့။


“ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒီအထဲမှာပဲ၊ ဒီကျောင်းတိုက်ကို မသင်္ကာလို့ ဆိုပြီး ၀င်ဖမ်းတဲ့ အခါကျတော့ တကယ့် ရဟန်းပျိုတွေ၊ တက်ကြွစွာ လှုပ်ရှားနေတဲ့ ရဟန်းပျိုတွေ မဟုတ်ဘဲနဲ့ ဒီလောက် သက်တော်တွေ ကြီးနေတဲ့ ရဟန်းတော်ကြီးတွေပဲ ရှိတယ်။ ဘယ်သူတွေမှလည်း ရှိတာမဟုတ်ဘူးခင်ဗျ။”


ဒီဘုန်းကြီးတွေက ပြီးခဲ့တဲ့စက်တင်ဘာ ရဟန်းသံဃာတွေ ဆန္ဒပြတုန်းက ပါဝင်ခဲ့ဖူးလား။ -


“ကိုယ်တော်တို့ ဘာတွေ လုပ်ခဲ့လဲဆိုပြီး မေးတဲ့အခါကျတော့ အပြင်ထွက်ဖို့ နေနေသာသာ လောလောဆယ် ကိုယ့်ကိုကိုယ်တောင် တုန်ချိနေလို့ ကျန်းမာရေးကိုတောင် တော်တော် ဂရုစိုက်နေရတဲ့ အနေအထားပါတဲ့။”
ဒီအစိုးရဖက်က တရားစွဲရလောက်အောင် ဘုန်းကြီးတွေကို ဖမ်းမိတဲ့အခါမှာ သက်သေ၊ သက်ကာယတွေရော ရှိထားလား။ -


“အဲ - လောလောဆယ် ရှာဖွေပုံစံနဲ့ပတ်သက်ပြီးတော့ ကျနော် ကြည့်မိရသလောက်တော့ ရက်ချုပ်အတုလို့ စွဲထားတဲ့ စာရွက်တစ်ရွက် ပါတယ်။ ဆင်ဆာမဲ့ ဗွီဒီယို ဆိုတဲ့ အခွေတွေ တွေ့ရတယ်။ ဒါပေမယ့်လို့ အမှုစစ်ကြည့်တဲ့ အခါကျတော့မှ ဒါတွေက သူတို့ဆီက သိမ်းဆည်းမိတာ၊ သူတို့ ကိုယ်တိုင် အပ်ပေးတာတွေ ဟုတ်မဟုတ် ဆိုတာ ကျနော်တို့ တွေ့ရှိရမှာခင်ဗျ။ အမှု မစစ်ရသေးတော့ ကြိုတော့ မပြောနိုင်ပါဘူးခင်ဗျ။”
အခု သူတို့ကို ဘယ်မှာထားလဲခင်ဗျ။ -


“ဟုတ်ကဲ့၊ အင်းစိန်မှာ ထားတယ်လို့ သိရပါတယ်ခင်ဗျ။ မနေ့က ရုံးချိန်းရက်ကပဲ ခေါ်သွားပါတယ်။”


သူတို့ရဲ့ သက်ဆိုင်ရာ မိသားစုတွေ၊ ဆွေမျိုးတွေကရော တွေ့ခွင့်ရသလား။ -


“မိသားစုဝင်တွေကတော့ မလာနိုင်ပါဘူးခင်ဗျာ၊ ဆွမ်းလေး တခါတရံ လာပို့တဲ့ ရပ်ကွက်ထဲက ဒကာ၊ ဒကာမတွေ နည်းနည်းပါးပါး လောက်ပဲ လာနိုင်ကြတယ်။ တော်တော်လေး ဆင်းရဲတဲ့ ကျောင်းမျိုးပါ ခင်ဗျ။ ရုံးတက်တာတောင် ၁၀ ကြိမ်၊ ၁၁ ကြိမ် ရှိနေပြီ၊ အခုကျမှပဲ ဒါကို သိရတယ်ခင်ဗျ။ ကျနော်တို့ကလည်း အချိန် မှီဖြစ်အောင်ကို ပါဝါတင် ကြိုးစားပြီးတော့ သူတို့အမှုအတွက် ရင်ဆိုင်ပေးမယ် ဆိုပြီးတော့ မနေ့ကမှ ပါဝါတင်ဖြစ်တယ်ခင်ဗျ။”


ဟုတ်ကဲ့၊ ဦးဖိုးဖြူရေ အခုလို ရှင်းပြပေးတာ ကျေးဇူး အများကြီးတင်ပါတယ်နော်။

Read More...

1/24/08

photos of U Gambira

အရှင်ဂမ္ဘီရ(ယပ်တောင်နှင့်)

အရှင်ဂမ္ဘီရနှင့်ရဟန်းဒကာမိသားစု

အရှင်ဂမ္ဘီရ(၀ဲဘက်မတ်တက်ရပ်လျှက်)

Read More...

U Gambia's biography

the following is U Gambia's biography in Burmese. JPEG file is also available.

English version is also available.

ဦးဇင်းရဲ့ အတ္ထုပ္ပတ္တိကို မဇ္ဈိမ စာမျက်နှာမှာတွေ့ရတယ်။ ဘလော့ဂ်တစ်ခုက ယူထားတယ်လို့ ဆိုထားတာမို့ အဲဒီဘလော့ဂ်ကိုရောက်အောင်သွားပြီး ကူးပေးလိုက်ပါတယ်။

http://vimutti.blogspot.com/
Thursday, January 17, 2008
အရှင်ဂမ္ဘီရ

ဘွဲ့အမည်။ ။ ဦးစန္ဒောဘာသ
လူအမည်။ ။ ညီညီလွင်


ဦးဂမ္ဘီရကို ၁၉၇၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့၌ အဖ
ဦးမင်းလွင်၊ အမိဒေါ်ရေးတို့မှ မကွေးတိုင်း၊ ပေါက်မြို့နယ်၊

ကိုင်းလယ်ကျေးရွာတွင်မွေးဖွားခဲ့သည်။



မိသားစုနောက်ခံပုံရိပ်တစေ့တစောင်း


ဖခင်ဖြစ်သူမှာ စစ်မှုထမ်းဟောင်းတဦးဖြစ်ပြီး ၁၀နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
မဟုတ်မခံစိတ်ရှိပြီး အများအတွက် အနစ်နာခံလိုစိတ်များရှိ၍ ထိုစိတ်ဓါတ်ကြောင့်ပင် အထက်

လူကြီးများနှင့် မတည့်ဖြစ်ကာ တပ်မှထွက်ခဲ့ရသည်။ တပ်မှထွက်ပြီးနောက် ဒေါ်ရေးနှင့်

အိမ်ထောင်ပြုကာ လက်ဖက်ခြောက်၊ ကျားရိုး၊ ကျားရေ၊ ကျောက်မျက်ရတနာကုန်သည်

အဖြစ် အသက်မွေးခဲ့သည်။


မိခင်ဖြစ်သူဒေါ်ရေးမှာ ကျောင်းဆရာမ ဟောင်းတဦးဖြစ်ခဲ့ပြီး တာဝန်ကျရာ ပေါက်မြို့နယ်၊

သပွတ်စုကျေးရွာ၊ ကိုင်းလယ်ကျေးရွာတို့တွင် ၁၃ နှစ်ကြာတာဝန်ထမ်းခဲ့သည်။

သူမသည်လည်း ၀ါသနာကြောင့်သာလျှင် ကျောင်းဆရာမအလုပ်ကို ၁၃နှစ်ကြာ

တာဝန်ထမ်းဆောင်နိုင်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က မဆလ

လူကြီးများနှင့် အထက်ဖားအောက်ဖိ ကျောင်းအုပ်ဆရာကြီးများ၏ ပညာပြမှုမှာ

သြချရလောက်သော ကြောင့်ဖြစ်ပေသည်။


သပွတ်စုကျေးရွာတွင် တာဝန်ထမ်းဆောင်စဉ်ကဆိုလျှင် အခြားဆရာမများကို ရွာတွင်
ဝန်ထမ်းအိမ်ရာများပေးခဲ့ သော်လည်း ဒေါ်ရေးကိုမူ ပေါက်မြို့မှနေ့ချင်းပြန်ကျောင်းတက်

စေခဲ့သည်။ ထိုအချိန်ကဒေါ်ရေးတွင်သားသမီးနှစ်ယောက် ရှိနေပြီဖြစ်ပြီး ဒုတိယသမီးမှာ ရက်ငါးဆယ်သာရှိသေးသည်။ မဆလကောင်စီလူကြီး ဦးမောင်မောင် ၏ တူမဖြစ်သူမှာ

ဒေါ်ရေး၏နေရာတွင် တာဝန်ထမ်းဆောင်လိုသည်ဆိုသောကြောင့် ဒေါ်ရေးမှာ ပေါက်မြို့နှင့်
(
) မိုင်ဝေးသောကိုင်းးလယ်ရွာသို့ ပြောင်းရွှေ့ခြင်းခံရသည်။



ထိုအချိန်တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်မှာ ဆန်စက်၊ ဆီစက်များ စတင်တည်ထောင်ကာ
စီးပွားရေးကို ကြိုးစားရှာ ဖွေခဲ့ရာ အတန်အသင့် စုမိဆောင်းမိဖြစ်လာခဲ့သည်။ ကလေးငယ်

နှစ်ဦးတာဝန်၊ ဆီစက်၊ ဆန်စက်များတာဝန်၊ ထမင်းဟင်းလျာများချက်ခြင်းတာဝန်များကို တစ်ဦးတည်းယူခဲ့ရသည်။ မိခင်ဖြစ်သူဒေါ်ရေးကတော့ အလုပ်ထွက် ရန်ခေါင်းမာနေဆဲ၊ ကျောင်းအုပ်ဆရာကြီး၏ပညာပြမှုများကို နေ့စဉ်ခါးစည်းခံနေရမြဲဖြစ်သည်။


ဤသို့ဖြင့် ကိုင်းလယ်ရွာသို့ရောက်ပြီး ၁၁-နှစ်အကြာ အလုပ်မှထွက်ခဲ့ရသည်။ ဦးမင်းလွင်

သည်လည်း မဆလ လူကြီးများ၏စစ်မေးမှုများကို မကြာခဏခံခဲ့ရသည်။ အကြောင်းပြချက်မှာ

ဘာကြောင့် ဒီလောက်ချမ်းသာသ လဲ“ ဟူ၍ဖြစ်သည်။ မကြာခဏလည်း ဖမ်းဆီးရန် ထောင်ချောက်ဆင်ခြင်းခံရသည်။ မဆလလူကြီးမင်းများ မုန်းတီးရသည့်အကြောင်းအရင်းမှာ

ဦးမင်းလွင်သည် တနယ်သားဖြစ်ပြီး စီးပွားတက်လာခြင်းနှင့် သူ၏မဟုတ်မခံ စိတ်ရှိ ခြင်းကြောင့် သာဖြစ်ပေသည်။ ထိုသို့သော အခြေအနေအရပ်ရပ်ကြောင့် ၁၉၈၃-ခုနှစ်တွင် ပေါက်မြို့သို့

ပြောင်းရွှေ့ခဲ့သည်။


၁၉၈၈ခုနှစ် အရေးအခင်းဖြစ်သောအခါ ပေါက်မြို့နယ် သပိတ်ခေါင်းဆောင်၊ NLD အဖွဲ့ဝင်ဖြစ်ပြီး
တသီးပုဂ္ဂလ အမတ်အဖြစ် ရပ်ရွာလူထု၏ ရွေးချယ်တင်မြှောက်ခြင်းခံရသူဖြစ်သည်။ ထိုအရေးအခင်း

တွင် ဦးဂမ္ဘီရ၏ ဖခင်မှာ နှိပ်စက်ခံပြည်သူလူထု၏ စိတ်ဓါတ်အုံကြွမှု၊ လက်စားချေလိုမှု၊ လက်တုံ့ပြန်

လိုမှုများကို အကြမ်းမဖက်စေဘဲ ငြိမ်း ချမ်းရေးအသွင်ဖြင့် ထိန်းသိမ်းခဲ့သောသူဖြစ်ပါသည်။




အကယ်ဆိုလျှင် ၎င်း မဆလများအပေါ် လက်တုံ့ပြန်လျှင်ရနိုင်သော်လည်း ရန်ကိုရန်ချင်းမတုံ့နှင်းခဲ့ပေ။
ရှစ်လေး လုံးကာလအတွင်းက ဆီစက်တလုံးမှလွဲ၍ ရှိသမျှစည်းစိမ်ဥစ္စာများ အားလုံးကုန်ဆုံးသွားခဲ့သည်။ ပြည်သူလူထုအ တွက် အသုံးပြုခဲ့ခြင်းဖြစ်သည်။ အိမ်၌လည်း အငယ်ဆုံးကလေးမှလွဲလျှင် အားလုံးကျောင်းသားများဖြစ်ကြသည်။ အငယ်ဆုံးကလေးမှာ () နှစ်အရွယ်ဖြစ်သည်။ အရေးအခင်း

ပြီးချိန်တွင် ဖခင်ဖြစ်သူနှင့် အကိုကြီးတို့မှာ ထောင် (၁နှစ်ခွဲ) နှင့်() နှစ်စီကျခံခဲ့ရသည်။ မိခင်ဖြစ်သူမှာ ဖခင်နှင့်အကိုကြီးတို့၏ အမှုကိစ္စများကို လိုက်လံဆောင်ရွက် နေရသောကြောင့် အိမ်မှုကိစ္စများကို မရှောင်မလွှဲသာပခုံးပြောင်းတာဝန်ထမ်းဆောင်ရန်လိုအပ်လာသဖြင့် ဒုတိ ယသမီးဖြစ်သူ မခင်သူဌေးမှာ

(
၁၀) တန်းနှင့်ကျောင်းထွက်လိုက်ရပြီး မောင်ညီမလေးများအားလုံး (၁၀)တန်း အောင်မြင်ပြီးမှ တဖန် (၁၀) တန်းပြန်ဖြေခဲ့ရသည်။ ဂုဏ်ထူး ၁ ခုနှင့်နှစ်ချင်းပေါက်အောင်မြင်ခဲ့သည်။



ငယ်စဉ်ဘဝ
၁၉၈၃ခုနှစ် ထိုကာလက ဦးဂမ္ဘီရမှာ အသက်လေးနှစ်ရှိပြီဖြစ်သည်။ မွေးချင်း ()ယောက်ရှိပြီး ဦးဂမ္ဘီရမှာ () ယောက်မြောက်ဖြစ်သည်။ အသက် () နှစ်အရွယ်တွင် ပေါက်မြို့၊အောင်တံခွန်ရပ်၊ အမှတ်()မူလတန်း ကျောင်းတွင် စတင်ကျောင်းနေခဲ့သည်။ သူငယ်တန်းမှ လေးတန်းအထိ၊အတန်းစဉ်ပထမရကာ ကျောင်းအုပ် ဆရာမကြီး၏ ချစ်ခင်မှုကိုအထူးခံရသူဖြစ်သည်။


ကလေးစစ်သားဖြစ်ရသေး


၁၉၈၈ခုနှစ်မှစ၍ ဦးဂမ္ဘီရ၏စိတ်တွင် မိသားစုများ တကွဲတပြားစီဖြစ်ရခြင်း၊ စီးပွားရေး
ကျဆင်းမှုများကိုခံစားရ ခြင်းနှင့်အတူ နိုင်ငံရေးစိတ်များလည်း အမြစ်တွယ်ခဲ့ဟန်ရှိပါသည်။

ကျောင်းများ () နှစ်ခန့် ပိတ်လိုက်ခြင်း ကြောင့်လည်းကောင်း၊ အုပ်ထိန်းသူမိဘများ၏

အုပ်ချုပ်မှုကင်းလွတ် သွားခြင်းကြောင့် လည်းကောင်း၊ အသက် ငယ်ငယ်နှင့်ပေခဲ့၊ တေခဲ့
သေးသည်။ မိသားစုအုပ်ချုပ်မှုပုံစံမှာလည်း ဖခင်မှာ စစ်မှုထမ်းဟောင်းတဦးဖြစ်ခြင်းကြောင့် စည်းကမ်းတင်းကျပ်ကာ စစ်တပ်ပုံစံအုပ်ချုပ်ခဲ့သည်။ လူငယ်ဘ၀တွင် ကြောက်ရွံ့ရသောပုံစံနှင့်

ရှင်သန်ရလျှင် ထွက်ပေါက်ရှာကြစမြဲဖြစ်သည်နှင့်အညီ မိဘ၏ တင်းကျပ်မှုအောက်တွင်
အသက်ငယ်ငယ်နှင့် ပေတေလေလွင့်ခဲ့သည်။ ထိုအခါ မိဘများက ပို၍တင်းကျပ်၊ တဖန်
လူငယ်က ထွက်ပေါက်ရှာမှားသည့်အခါ နောက်ဆုံး ငရဲတွင်းရောက်ခဲ့ရသည်။ ဤသို့ဖြင့်

အသက်၁၂ နှစ်အရွယ် ၅ တန်းကျောင်းသားဘ၀တွင် ကလေး စစ်သားဖြစ်ခဲ့ရသည်။



သာသာနာ့ဘောင်ရောက်ပြီ


အိမ်မှရုတ်တရက် ပျောက်သွားသော သားဖြစ်သူ၏ သတင်းကို မိဘများက အပူတပြင်း လိုက်လံ
စုံစမ်းခဲ့သည်။ ရန်ကုန်ရှိ စစ်ဌာနတစ်ခုတွင်ဟု စုံစမ်းသိရှိရသောအခါ လိုက်လံကယ်ထုတ်ခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်၍ အာဏာပိုင်များက ပေါက်မြို့သို့လာရောက်စုံစမ်းခဲ့သည်။ သားဖြစ်သူကို

တွေ့သွားလျှင် အဖမ်းခံရမည်၊ အသက် မပြည့်ဘဲ စစ်မှုထမ်းရမည်၊ ထောင်ဒဏ်ကျခံရမည်စိုး

သောကြောင့် ပေါက်မြို့လေသာတောင်ကျောင်းတိုက် ဆရာတော်ကို ဥပဇ္ဇယ်ပြုကာ သာမဏေ

အဖြစ် စတင်ရောက်ရှိခဲ့သည်။ ထို့နောက် ရန်ကုန်ရှိအင်းစိန်ရွာမကျောင်းတိုက်သို့ ပို့ဆောင် ပေးခဲ့ သည်။သာသနာ့ဘောင်တွင် ပျော်ပိုက်ကာ စာဝါများလိုက်ခဲ့သည်။ မူလတန်း၊ အငယ်တန်း၊ အလတ်

တန်း၊ အကြီးတန်း၊ စာမေးပွဲများနှင့် နိကာယ်လေးကျမ်းကို ထူးချွန်စွာ အောင်မြင်ခဲ့ပြီးဖြစ်သည်။




နေထိုင်ခဲ့သော ကျောင်းများကတော့ အစုံအနှံ့ပင်ဖြစ်သည်။ အင်းစိန်ရွာမ၊ ထောက်ကြံ့တောရ၊
သဒ္ဓမ္မ၀ံသ အလုံ ကျောင်းတိုက်၊ ပခုက္ကူအရှေ့တိုက်၊ အလယ်တိုက်၊ မန္တလေးမစိုးရိမ်ကျောင်း
တိုက်တို့ဖြစ်သည်။ အသက် ၂၀ အရွယ်တွင် လှည်းကူးမြို့မှ ရဟန်းဒကာ ဦးသိန်းဦးတို့ ဇနီး

မောင်နှံနှင့်အတူ၊ မိသားစုတို့က ရဟန်းခံပေးခဲ့ခြင်း ဖြစ်ပါသည်။ စာဝါလိုက်နေစဉ်အတွင်း

ကရင်ပြည်နယ် မြိုင်ကြီးငူတွင် ၅ နှစ်ကြာမျှ ဗုဒ္ဓဘာသာပြန့်ပွားရေး အတွက် သာသနာပြုခဲ့ပါသည်။




ပင်ကိုယ်စိတ်နေစိတ်ရင်း
မိမိ၏ တိုင်းပြည်နှင့်လူမျိုးအပေါ် အထူးချစ်ခင်သူ၊ အမှန်တရားကို မြတ်နိုးပြီး လွတ်လပ်မှုကိုခုံမင်သူ၊ ဖိနှိပ်စိုးမိုး အနိုင်ကျင့်မှုများကို စက်ဆုပ်သူဖြစ်သည်။ စာပေကိုမြတ်နိုးသော အရှင်ဂမ္ဘီရသည် ဘာသာရေးဆိုင်ရာစာအုပ် များ၊ အင်္ဂလိပ်စာနှင့်ဆိုင်သောစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ဆိုင်သောစာအုပ်များကို အမြဲဝယ်ယူဖတ်ရှု စုဆောင်းခဲ့သည်။ မြန်မာနိုင်ငံအရပ်ရပ်ရှိ စာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းခဲ့သည်။ သူနေထိုင်ရာ ပေါက်မြို့တွင် စာကြည့်တိုက်တခုကို ထူထောင်၍ စာအုပ်များလှူဒါန်းခဲ့သည်။ ဇီဝိတဒါနသွေးလှူခြင်းအမှုကို လည်း နှစ်စဉ်နှစ်တိုင်းလိုပင် ပြုလုပ်မြဲဖြစ်သည်။


ရည်မှန်းချက်မှာ------


ထောက်ကြံ့တောရ၌ နေစဉ်အတွင်း ကျောင်းထိုင်ဘုန်းကြီး၏ ချစ်ခင်မှုကို အထူးခံရသူဖြစ်သည်။ စာချဘုန်းကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ရခိုင်ပြည်နယ် ဘုန်းကြီးကျောင်းတကျောင်း
မှလည်း ကျောင်း ထိုင်ဘုန်းကြီးအဖြစ် ပင့်ဖိတ်ခြင်းခံရသည်။ သို့သော်ဓမ္မာစရိယတန်းပြီးလျှင် သာသနာပြုတက္ကသိုလ်တက်ရန် ရည်ရွယ်ချက်ရှိခဲ့သောကြောင့် ကျောင်းမထိုင်ခဲ့ပေ။ သာသနာ ပြုတက္ကသိုလ်မှဘွဲ့ရပြီးလျှင် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားပြီးလျှင် နိုင်ငံတကာသာသနာပြု ဓမ္မကထိကအဖြစ် ရှင်သန်သွားရန် ရည်ရွယ်ထားသည်။ အချိန် ရလျှင်လည်း အင်္ဂလိပ်စာနှင့် ကွန်ပြူ တာပညာတို့ကို လေ့လာလိုက်စားခဲ့သည်။ နိုင်ငံရေးသိပ္ပံ၊ ရသစာပေ၊ ကဗျာ၊ ဂီတ တို့ကိုလည်း လေ့လာ လိုက်စားခဲ့သည်။ ဘာသာရေးဆောင်းပါး၊ ၀တ္ထု၊ ကဗျာတို့လည်းရေးသားခဲ့ သည်။



လမ်းကြောင်းပြောင်းပြီ
ဓမ္မာစရိယတန်း စာဝါလိုက်နေစဉ်အတွင်း ၂၀၀၅ ခုနှစ်တွင် ပြည်သူလူထု၏ စားဝတ်နေရေး၊ ပညာရေး၊ဘာသာ ရေးနိမ့်ကျနေမှုများကို အထူးသိမြင်ကာ လျစ်လျူမရှုရက်တော့ဘဲ သံဃာထုအတွင်း စည်းရုံးမှုများကို စတင်ခဲ့ သည်။ ဒီပဲယင်းအရေးအခင်းကာလက နှစ်ကြီးထောင်ကျအကျဉ်းသားများကို သင်္ကန်းစည်းပေးကာ ဒေါ်အောင် ဆန်းစုကြည်နှင့် ကျောင်းသားများအား အာဏာပိုင်များက အသတ်ခိုင်းမှုအပေါ် အထူးစိတ်နာခဲ့သည်။ စစ်အစိုးရ အာဏာပိုင်များ၏ ဘာသာတရားကင်းမဲ့မှု၊ သာသနာတော်ကြီးအား အသရေညှိုးနွမ်းအောင်ပြုလုပ်မှု၊ ဘုန်းကြီး အယောင်ဆောင်ကာနာမည်ဖျက်မှု၊ စစ်အုပ်စုအာဏာတည်မြဲရေး တခုတည်းကိုသာ ကြည့်မှုတို့ကြောင့် မိမိ၏ ရည်ရွယ်ချက်များအပျက်ခံကာ စာဝါမလိုက်နိုင်တော့ဘဲ ဤစက်တင်ဘာအရေးအခင်းကို ဦးဆောင်ပါဝင် လှုပ် ရှားခဲ့ရပါတော့သည်။


သူ၏ မအိပ်မနေလှုပ်ရှားမှုများကတော့ အံ့မခန်းပင်ဖြစ်သည်။ ထို့ကြောင့်လည်း တနိုင်ငံလုံးရှိ သံဃာတော် အရှင်သူမြတ်အားလုံးလိုလိုနှင့် ပေါင်းစည်းလက်တွဲနိုင်ခဲ့သည်။ ထို့ကြောင့်ပင်၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးတော်ပုံကြီးမှာ အောင်မြင်စွာပေါ်ပေါက်လာခဲ့ရသည်။


သို့သော် အာဏာရှင်ဗိုလ်ချုပ်ကြီးများအနေဖြင့် သံဃာတော်အရှင်သူမြတ်များ၊ ပြည်သူများ၊ ကျောင်းသား လူငယ်များအပေါ် ဤကဲ့သို့ ရက်ရက်စက်စက် ချေမှုန်းသတ်ဖြတ်ပစ်မည်ကိုတော့ သူ-လုံးဝမျှော်လင့်မထားမိခဲ့။ ဤမျှ ရိုင်းစိုင်းယုတ်မာလိမ့်မည်ဟု မထင်ခဲ့ခြင်းကြောင့်လည်း လမ်းပေါ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက နောက် ပိုင်းတွင် ဖွင့်ဟမြွက်ကြားခဲ့သည်။


ဤအဖြစ်ဆိုးကြီးကို ပြန်လည်းစဉ်းစားမိတိုင်း စိတ်ဖိစီးမှုများခံစားရကာ ကျန်းမာရေးထိခိုက်လာခဲ့သည်။ သို့သော်လည်း ကျန်းမာရေးချို့ငဲ့နေသည့်အကြားကပင် ရှောင်တိမ်းပုန်းအောင်းရင်းနှင့် အရေးတော်ပုံ အရှိန် အဟုန်ကျမသွားရေး ဆက်လက်ထိန်းသိမ်းသယ်ပိုးနေခဲ့ရသည်။ မိတ်ဆွေအသိုင်းအ၀ိုင်းများမှ သူ လွတ်မြောက်ရေးအတွက် ပြည်ပသို့ထွက်ခွာသွားရန်တိုက်တွန်းပြောဆိုခဲ့သော်လည်း "တိုက်ပွဲ မအောင်မြင် မချင်း ပြည်ပသို့ ထွက်ခွာမသွားကြေး" ဆိုသည့် တိုက်ပွဲဝင်ရဲဘော်များအကြား ထားရှိခဲ့သည့်ကတိသစ္စာကို သစ္စာရှိရှိ ခိုင်ကျည်စွာ စောင့်ထိန်းခဲ့ သည်။


အဖမ်းခံရပြီ

ယခုအချိန်တွင်မူ အာဏာပိုင်များ၏ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုအောက်၌ အဖမ်းခံလိုက်ရပေပြီ။ နိုဝင်ဘာ ၄ ရက်နေ့၌ ၎င်းပုန်းအောင်နေထိုင်သည့် စဥ့်ကိုင်နယ်ထဲတွင် အဖမ်းခံလိုက်ရပြီး၊ ရန်ကုန်၊ အင်းစိန်အကျဉ်း ထောင်၊ အဆောင် ()၊ အခန်း (၂၃) ၌ တဦးတည်း အထီးကျန်စံပယ်နေရသည်။


ထောင်ကျသော်လည်း

ဒီဇင်ဘာ ၅ ရက်နေ့တွင် မိသားစုအနေဖြင့် ပထမအကြိမ် ထောင်ဝင်စာတွေ့ဆုံခွင့်ရခဲ့သည်။ မိသားစု၏ စီးပွား ရေးအခြေအနေ ယိမ်းယိုင်နေခြင်းနှင့်အတူ ခရီးလည်းဝေးကွာသည့်အတွက် ထောင်ဝင်စာ ပုံမှန်တွေ့ဆုံနိုင်ရန် အတွက်ပင် ရုန်းကန်နေကြရသည်။ အရှင်ဂမ္ဘီရသည် ထောင်တွင်းအထီးကျန်မှုကို တရားတော်များမှတ်ရင်း နှင့်ပင် ပယ်ဖျောက်ရင်း ပြင်ပတွင် ကျန်နေရစ်သည့် ရဟန်းရှင်လူပြည်သူများ၏ နောက်ထပ်တကြိမ် တိုက်ပွဲခေါ် သံကို နားစွင့်နေမည်မှာ မလွဲဧကန်ပင်။


ဦးဂမ္ဘီရပြောနေကြစကားတခွန်းရှိပါသည်။


ကျုပ်တို့ဘုန်းကြီးတွေဆိုတာက လူတွေလို ဇနီးမယား၊ စည်းစိမ် ဥစ္စာ တွယ်တာစရာတွေ ဘာမှရှိတာမဟုတ် ဘူး၊ ကျုပ်တို့လူဖြစ်လာရတာကိုက သာသနာပြုဖို့အတွက်ဗျ၊ လူတွေအတွက်ဗျ၊ သာသနာပြုနိုင်ဖို့ဆိုတာက လည်း လူတွေရဲ့ဘ၀ စားဝတ်နေရေး၊ လူမှုရေး၊ မင်းဆိုးမင်းညစ်တွေဘေးက ပြေလည်ကင်းလွတ်နေမှဗျ၊ ဘာ သံယောဇဉ်မှမရှိတဲ့ ကျုပ်တို့က လူတွေရဲ့အခက်အခဲတွေကို ပြေလည်အောင်ဖြေရှင်းပေးရမယ်။ ဒီအလုပ်တွေ ကို လုပ်ကတည်းက ဘ၀တွေ၊ အသက်တွေ ရင်းထားရတာ၊ အဖမ်းခံရမှာနဲ့သေမှာ နှစ်မျိုးပဲရှိတယ်“



Read More...

1/16/08

poem writtten by U Gambira's mother

၁။ အရှင်ဂမ္ဘီရရဲ့ ဓာတ်ပုံ တဲ့။ မိုးမခမှာတွေ့ရတယ်။ စာကိုတော့ အဲဒီမှာပဲ ဖတ်ပေတော့။ မိုးမခမှာ ဘီအိုင်တီ သုံးတယ်၊ ဒီဘလော့ဂ်မှာက ဇော်ဂျီဝမ်းသုံးတယ်။ ဒါကြောင့် ပုံကိုပဲ တင်ပေးလိုက်ပါတယ်။
၂။ ပုံကြီးကြည့်ဖို့ ပုံကို တစ်ချက် နှိပ်ပါ။
၃။ ဘုန်းကြီးရဲ့ မယ်တော် ဒေါ်ရေးရဲ့ကဗျာလည်း တင်ပေးလိုက်ပါတယ်။ ရေဒီယိုတွေကတဆင့် ကြားပြီးရောပေါ့။ ပိတောက်မြေ ဘလော့ဂ်ကနေ စာစီပြီးသားတွေ့လို့ ကူးပေးလိုက်ပါတယ်။
၎။ ဗွီအိုအေမှာ ပြန်နားထောင်ပြီး အကျအပေါက်တချို့ ပြင်ပေးလိုက်ပါပြီ။
http://www.voanews.com/burmese/upload/12-04-07%202%20POEMS.mp3





























အရှင်ဂမ္ဘီရ၏ မယ်တော် ဒေါ်ရေး၏ ကဗျာ
http://padaukmyay.blogspot.com/
16/11/2007


အမေ့ရင်ထဲမှာ
သြော်….အစကတော့ အားငယ်မိ
သားကြီးက အချုပ်ထဲမှာ
ချွေးမကလည်း အိမ်မပြန်ရဲ
သားကြီးရဲ့ သမီးလေး သုံးယောက်ကလည်း
လူမမယ်လေးတွေ
အဝေးမှာ မိမဲ့ ဖမဲ့နဲ့
သူတို့ချည်း ကျန်ခဲ့။

သားဦးဇင်းနဲ့ ခင်ပွန်းက ပြေးနေရ
ကျန်မိသားစုက
အထိတ်ထိတ် အလန့်လန့်နဲ့ နေရတဲ့အထဲ
သူတို့တွေအတွက် သောကရောက်ရတာက ရင်နဲ့အမျှ
မျက်ရည်ပေါက်ပေါက် ကျမိပါရဲ့
အရေးထဲ အလုပ်ပျက် အကိုင်ပျက်နဲ့
စားဝတ်နေရေးက တမျိုး။

ဟော… အခုတော့
ဦးဂမ္ဘီရ ဖမ်းမိပြီ…တဲ့
ဖခင်ကရော ဘယ်မှာတဲ့လဲ
မပဋာလက်သစ် ကျမ
ဘယ်လို ဖြေရပါ့
ဒီဒုက္ခတွေ
ဒီသောကတွေ
ဘယ်သူများ ကယ်နိုင်ပါ့မလဲ
အို …မဟုတ်သေးဘူးလေ
ငါ့မှာ သား အရှင်ဂမ္ဘီရတွေ
သား အောင်ကျော်ကျော်တွေ
အများကြီးပါလား
….ဘယ်သူတွေပါလိမ့်
သူတို့ သူတို့တွေလေ
ငါ့မှာ သားတွေ အများကြီးမှ အများကြီး
သမီးတွေရောတောင် ပါလိုက်သေး
ငါ့မှာ မိသားစု အများကြီးရှိတယ်။
ငါ့မှာ အသိုင်းအ၀ိုင်း အများကြီးရှိတယ်။
ငါ အားမငယ်တော့ဘူး
ဂုဏ်တောင် ယူရဦးးမှာ။

ငါ မျက်ရည်ကျတာတောင် ရှက်မိပါရဲ့
အဓိကက
ခင်ပွန်းဖြစ်သူနဲ့သားတွေ သမီးတွေ
ကျန်းမာစေဖို့
အမြန်လွတ်မြောက်စေဖို့
သားတို့ သမီးတို့ရဲ့ အမေ
ဆုတောင်းလိုက်ပါရဲ့။

ပိုက်ဆံတော့ဖြင့် မချမ်းသာပါဘူး
ဒါပေမယ့်
ခုနေများ
သိန်းထောင်ချီ ပေးမယ်ဆိုလည်း မလိုချင်
စိန်တွေ ရွှေတွေ ပုံပြီး ပေးမယ်ဆိုလည်း မမက်ပေါင်
ခင်ပွန်းဖြစ်သူနဲ့
သားကြီး သားလတ် သားငယ်
သမီးကြီး သမီးလတ် သမီးငယ်
အားလုံးအားလုံး
လွတ်မြောက်စေချင်တာက
အမေ့ရဲ့ အလိုချင်ဆုံးဆု
အမေ၏ ချစ်ခြင်းကြောင့်
အမေ၏ မေတ္တာကြောင့်
သားတို့ သမီးတို့စိတ်ချမ်းသာမှု ရကြပါစေ။
အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေသတည်း။

ခင်ပွန်းနဲ့သားသတင်း နားထောင်ရင်း မျက်ရည်များဖြင့် ရေးဖွဲ့ပါသည်။

Read More...