1/16/08

poem writtten by U Gambira's mother

၁။ အရှင်ဂမ္ဘီရရဲ့ ဓာတ်ပုံ တဲ့။ မိုးမခမှာတွေ့ရတယ်။ စာကိုတော့ အဲဒီမှာပဲ ဖတ်ပေတော့။ မိုးမခမှာ ဘီအိုင်တီ သုံးတယ်၊ ဒီဘလော့ဂ်မှာက ဇော်ဂျီဝမ်းသုံးတယ်။ ဒါကြောင့် ပုံကိုပဲ တင်ပေးလိုက်ပါတယ်။
၂။ ပုံကြီးကြည့်ဖို့ ပုံကို တစ်ချက် နှိပ်ပါ။
၃။ ဘုန်းကြီးရဲ့ မယ်တော် ဒေါ်ရေးရဲ့ကဗျာလည်း တင်ပေးလိုက်ပါတယ်။ ရေဒီယိုတွေကတဆင့် ကြားပြီးရောပေါ့။ ပိတောက်မြေ ဘလော့ဂ်ကနေ စာစီပြီးသားတွေ့လို့ ကူးပေးလိုက်ပါတယ်။
၎။ ဗွီအိုအေမှာ ပြန်နားထောင်ပြီး အကျအပေါက်တချို့ ပြင်ပေးလိုက်ပါပြီ။
http://www.voanews.com/burmese/upload/12-04-07%202%20POEMS.mp3





























အရှင်ဂမ္ဘီရ၏ မယ်တော် ဒေါ်ရေး၏ ကဗျာ
http://padaukmyay.blogspot.com/
16/11/2007


အမေ့ရင်ထဲမှာ
သြော်….အစကတော့ အားငယ်မိ
သားကြီးက အချုပ်ထဲမှာ
ချွေးမကလည်း အိမ်မပြန်ရဲ
သားကြီးရဲ့ သမီးလေး သုံးယောက်ကလည်း
လူမမယ်လေးတွေ
အဝေးမှာ မိမဲ့ ဖမဲ့နဲ့
သူတို့ချည်း ကျန်ခဲ့။

သားဦးဇင်းနဲ့ ခင်ပွန်းက ပြေးနေရ
ကျန်မိသားစုက
အထိတ်ထိတ် အလန့်လန့်နဲ့ နေရတဲ့အထဲ
သူတို့တွေအတွက် သောကရောက်ရတာက ရင်နဲ့အမျှ
မျက်ရည်ပေါက်ပေါက် ကျမိပါရဲ့
အရေးထဲ အလုပ်ပျက် အကိုင်ပျက်နဲ့
စားဝတ်နေရေးက တမျိုး။

ဟော… အခုတော့
ဦးဂမ္ဘီရ ဖမ်းမိပြီ…တဲ့
ဖခင်ကရော ဘယ်မှာတဲ့လဲ
မပဋာလက်သစ် ကျမ
ဘယ်လို ဖြေရပါ့
ဒီဒုက္ခတွေ
ဒီသောကတွေ
ဘယ်သူများ ကယ်နိုင်ပါ့မလဲ
အို …မဟုတ်သေးဘူးလေ
ငါ့မှာ သား အရှင်ဂမ္ဘီရတွေ
သား အောင်ကျော်ကျော်တွေ
အများကြီးပါလား
….ဘယ်သူတွေပါလိမ့်
သူတို့ သူတို့တွေလေ
ငါ့မှာ သားတွေ အများကြီးမှ အများကြီး
သမီးတွေရောတောင် ပါလိုက်သေး
ငါ့မှာ မိသားစု အများကြီးရှိတယ်။
ငါ့မှာ အသိုင်းအ၀ိုင်း အများကြီးရှိတယ်။
ငါ အားမငယ်တော့ဘူး
ဂုဏ်တောင် ယူရဦးးမှာ။

ငါ မျက်ရည်ကျတာတောင် ရှက်မိပါရဲ့
အဓိကက
ခင်ပွန်းဖြစ်သူနဲ့သားတွေ သမီးတွေ
ကျန်းမာစေဖို့
အမြန်လွတ်မြောက်စေဖို့
သားတို့ သမီးတို့ရဲ့ အမေ
ဆုတောင်းလိုက်ပါရဲ့။

ပိုက်ဆံတော့ဖြင့် မချမ်းသာပါဘူး
ဒါပေမယ့်
ခုနေများ
သိန်းထောင်ချီ ပေးမယ်ဆိုလည်း မလိုချင်
စိန်တွေ ရွှေတွေ ပုံပြီး ပေးမယ်ဆိုလည်း မမက်ပေါင်
ခင်ပွန်းဖြစ်သူနဲ့
သားကြီး သားလတ် သားငယ်
သမီးကြီး သမီးလတ် သမီးငယ်
အားလုံးအားလုံး
လွတ်မြောက်စေချင်တာက
အမေ့ရဲ့ အလိုချင်ဆုံးဆု
အမေ၏ ချစ်ခြင်းကြောင့်
အမေ၏ မေတ္တာကြောင့်
သားတို့ သမီးတို့စိတ်ချမ်းသာမှု ရကြပါစေ။
အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေသတည်း။

ခင်ပွန်းနဲ့သားသတင်း နားထောင်ရင်း မျက်ရည်များဖြင့် ရေးဖွဲ့ပါသည်။

No comments: