10/27/08

U Gambira has a serious headache

အရှင်ဂမ္ဘီရ ထောက်လှမ်းရေးတွေရဲ့ ဖိအားပေး စစ်ဆေးခံရတဲ့အတွက် ဆေးရုံတက်နေရ
RFA 2008-10-25

ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးရုံးတင် စစ်ဆေး ခံနေရတဲ့ သံဃာ့ တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးဂမ္ဘီရဟာ တခုခုစဉ်းစား လိုက်ရင် အပြင်းအထန် ခေါင်းကိုက်လာတဲ့ ဝေဒနာကို ခံစားနေရတဲ့အတွက် အင်းစိန်ထောင် ဆေးရုံမှာ တက်ရောက် ကုသနေတာဟာ ၃ ပတ် နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။


ထောက်လှမ်းရေးတွေရဲ့ ဖိအားပေး စစ်ဆေးခံရတဲ့အတွက် စိတ်ထိခိုက်ပြီး ဆေးရုံတက်နေရတာ ဖြစ်တယ်လို့ အရှင်ဂမ္ဘီရရဲ့ အမတဦးဖြစ်သူ မလွင်လွင်မြင့်က အာအက်ဖ်အေကို ပြောပါတယ်။
အရှင်ဂမ္ဘီရရဲ့ အမတဦး။ ။ "ကျမတော့ပြောထားတာက ဦးနောက်နဲ့ အာရုံကြော ဆရာဝန်ကို ပြဖို့ညှိနေတယ် ထောင်ဆရာဝန်နဲ့ ညှိနေတယ်ပေါ့၊ ဒါပေမဲ့ မရသေးဘူး ကျန်းမာရေးက တအားစိုးရိမ်ရတာကို စာတင်ထားတယ် မပြန်သေးဘူး။"

ဆရာတော်ကို စစ်ဆေးတဲ့အခါမှာ အမဖြစ်သူတွေကို ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ အတွက် ဆရာတော်ဟာ စိတ်ဖိစီးမှုဒဏ်ကို ခံနေရတယ်လို့ပြောပါတယ်။ ဒီနေ့မနက် ထောင်ဝင်စာသွားတွေ့တဲ့ တခြား အမတဦးဖြစ်သူ မခင်သူဌေးကို အက်အက်ဖ်အေက ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ သူတို့ကို ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီရဲ့ စေခိုင်းချက်အရ ရန်ကုန်တိုင်းရဲမှူး ဦးမြင့်မောင်က လာရောက်ကာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စည်းရုံးခဲ့ပုံကိုလည်း ဆက်ပြောပြပါတယ်။ အဲဒီလိုပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဆရာတော်နဲ့အတူ ဖမ်းဆီးခံနေရတဲ့ မခင်သူဌေးရဲ့ ခင်ပွန်းဖြစ်သူ ကိုမိုးထက်လျှမ်းကို လွတ်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။ မခင်သူဌေးက ဘယ်လိုနည်းနဲ့မှ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။

မခင်သူဌေး။ ။ "သူတို့က ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အမျိုးသားကို ချက်ခြင်းလွတ်ပေးမယ်ပေါ့၊ ရတယ်လို့ ကြိုက်သလောက် ချချင်သလောက်သာ ချတော့ဆိုပြီး ပြောလိုက်တယ်။"

အရှင်ဂမ္ဘီရရဲ့ အမဖြစ်သူ မခင်သူဌေး ပြောပြခဲ့တာပါ။ အရှင်ဂမ္ဘီရနဲ့ပတ်သက်ပြီး သူရဲ့မိသားစုဝင်တွေနဲ့ မိတ်ဆွေ ၁၁ဦးကိုလည်း ဖမ်းဆီးထားပါတယ် ။ အဲဒီထဲမှာ အကိုဖြစ်သူ ကိုအောင်ကျော်ကျော်၊ ညီဖြစ်သူ ကိုအောင်ကိုကိုလွင် မခင်သူဌေးရဲ့ ခင်ပွန်းဖြစ်သူ ကိုမိုးထက်လျှမ်း တို့ပါဝင်ပါတယ်။ အရှင်ဂမ္ဘီရနဲ့အတူ ပါဝင်ပတ်သက်တဲ့ သူတွေရဲ့ အမှုတွဲတွေကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း ရုံးထုတ် စစ်ဆေးပေးနေပေမယ့် မိသားစုကတော့ ကြားနာခွင့်မရဘူးလို့ သိရပါတယ်။

Read More...

10/13/08

Ashin Gambira has a headache

ဦးဂမ္ဘီရနှင့် ကျောင်းသားခေါင်းဆောင်များ၏ အမှုများကို ရုံးထုတ်စစ်ဆေး
RFA 2008-10-13

အင်းစိန်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ အရှင်ဂမ္ဘီရအပါအဝင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ဆန္ဒပြပွဲတွေအပြီး အဖမ်းခံရတဲ့ နိုင်ငံရေးလှုပ်ရှားသူ အချို့ရဲ့ အမှုတွေကို ထောင်တွင်း သီးသန့်တရားရုံးတွေမှာ ဒီကနေ့ အောက်တိုဘာ ၁၃ရက် တနင်္လာ နေ့မှာ ဆက်လက် စစ်ဆေးခဲ့ပါတယ်။

အရှင်ဂမ္ဘီရမှာ အမှုတွဲတွေရှိပေမဲ့ ဒီကနေ့မှာ တပါးတည်း ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ အရှင်ဂမ္ဘီရရဲ့ အမှုလိုက်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောပါတယ်။

ဆရာတော်ရဲ့ ကျန်းမာရေး အခြေအနေမှာလည်း အတော်လေး အားနည်းနေပြီး ခေါင်းကိုက်တဲ့ ဝေဒနာကို အပြင်းအထန် ခံစားနေရတယ်လို့ ဦးခင်မောင်ရှိန်က ပြောပါတယ်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်အပါအဝင် ၈၈မျိုးဆက်ကျောင်းသား ၃၅ ဦးရဲ့ အမှုတွဲ ၂၁ မှုထဲက ၇ မှုကို ဒီကနေ့ စစ်ဆေးဖို့ ဆောင်ရွက်ရာမှာ မနီလာသိန်းနဲ့ မမာမာဦးရဲ့ အမှုတွေကို ပေါင်းထည့်လိုက်တဲ့အပြင် အမှုစစ်ဆေးတဲ့ တရားသူကြီးတွေကိုပါ ပြောင်းလဲလိုက်တယ်လို့ ရှေ့နေ ဦးခင်မောင်ရှိန်က ပြောပါတယ်။

ရှေ့နေဦးခင်မောင်ရှိန်။ ။ 'ကိုမင်းကိုနိုင်ပါ ၃၅ဦးအတွက်ကို အင်းစိန်မြို့နယ်တရားရုံး၊ လှိုင်သာယာမြို့နယ် တရားရုံး၊ ဒီရုံးတွေရှိတယ်။ အဲဒီဟာက ဒီနေ့ကျတဲ့အခါကျတော့ ကိုမင်းကိုနိုင်တို့ကို ၁နာရီကျော်မှ ထုတ်တယ်။ နောက်ပြီးတော့ အဲဒီက အမှုတွေကို အရှေ့ပိုင်းခရိုင် တရားရုံးကနေပြီးတော့ လွှဲပြောင်းယူလိုက်တယ်။ '

'လွှဲပြောင်းယူလိုက်တော့ အဲဒီ အင်းစိန်မြို့နယ် တရားရုံးမှာရှိတဲ့ ၅မှုရယ်၊ နောက်တခါ လှိုင်သာယာမြို့နယ်ရုံးမှာရှိတဲ့ ၂မှုရယ်၊ အားလုံး ၇မှုကို အဲဒီအရှေ့ပိုင်းခရိုင်တရားရုံးက တရားသူကြီး နှစ်ပါးထိုင်ပြီးတော့ အမှုကို လွှဲပြောင်းလိုက်တယ်။ အမှုနံပါတ်တွေ ပြောင်းသွားတယ်။ တရားလိုပြောင်းသွားတယ်။ အဲဒီဟာတွေက ဒီနေ့ မစစ်ဖြစ်ဖူး။'

'ဒီနေ့မှာ မနီလာသိန်းနဲ့ မမာမာဦးနဲ့ကို တရားခံပြေးမှုကနေပြီးတော့ အဲဒီအမှု ၇မှုမှာ ၇မှုဆိုတာ သူတို့ ပါတဲ့အမှုတွေပေါ့။ ပါတဲ့အမှုတွေမှာ သူတို့ကို ဒီမူလမှုမှာ လွှဲလိုက်တယ်။ လွှဲပြီးတော့ ဒီဟာတွေကို အသစ်ပြန်စစ်မယ်။'

ရှေ့နေဦးခင်မောင်ရှိန်ဟာ ကျောင်းသားတွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူပါ။ ရုံးထုတ် စစ်ဆေးစဉ်အချိန်မှာလည်း အားလုံးကို လက်ထိပ်တွေ ခတ်ထားတဲ့အပြင် တနေကုန် အစားအစာ မစားရပဲ တရားရုံးထဲမှာ အမှုစစ်ဖို့အတွက် ထိုင်စောင့်ကြရတယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာဆန္ဒပြပွဲတွေအပြီး အဖမ်းခံရတဲ့ ကိုထွန်းထွန်းဦး၊ ကိုမောင်မောင်လတ်နဲ့ မထားထားသက်တို့ကလည်း ဒီကနေ့ ရုံးထုတ်စစ်ဆေးတဲ့အချိန်တုန်းက ထောင်တွင်း တရားစီရင်မှုကို အယုံအကြည်မရှိတာကို ပြသတဲ့အနေနဲ့ သူတို့ရဲ့ရှေနေအဖြစ် လိုက်ပါဆောင်ရွက်နေတာတွေကို ရုပ်သိမ်းခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ရှိန်က ပြောပါတယ်။

Read More...

10/7/08

U Gambira in poor health

အကျဉ်းစံ အရှင်ဂမ္ဘီရ ကျန်းမာရေး ဆိုးဝါးနေ
irrawaddy ကိုစိုး အောက်တိုဘာ ၇၊ ၂၀၀၈

စစ်အစိုးရကဖမ်းဆီးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ ဦးဆောင်သံဃာတော်တပါးဖြစ်သော အရှင်ဂမ္ဘီရသည် အင်းစိန်ထောင်တွင်း၌ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်းသိရသည်။

အဆိုပါ အရှင်ဂမ္ဘီရသည် ကျန်းမာရေးဆိုးဝါးနေပြီး အားနည်းနေသည့်အတွက် ထောင်ဆေးရုံ၌ ဆေးဝါး ကုသမှု ခံယူနေရ သောကြောင့် ယမန်နေ့က အင်းစိန်ထောင် ကမာရွတ်မြို့နယ် သီးသန့်တရားရုံးတွင်ရုံးထုတ် ရှိသော်လည်း မထွက်ရောက် နိုင်ကြောင်း အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်ကပြောသည်။


“အရှင်ဂမ္ဘီရ ကျန်းမာရေးခြေအနေက ထောင်ဆေးရုံမှာ အားဆေးသွင်းနေရတယ်လို့ ကျနော်တို့သိရတယ်၊ ဆေးရုံကို ဘယ်နေ့က ရောက်တယ်လို့တော့ မသိရသေးဘူး၊ မနေ့ကတော့ ရုံးချိန်း ထွက်မလာနိုင်ဘူး”ဟု ဦးခင်မောင်ရှိန်က ဧရာဝတီသို့ ပြောပြသည်။

လွန်ခဲ့သည့် စက်တင်ဘာလ လ၀က်ခန့်ကလည်း အရှင်ဂမ္ဘီရသည် ရုံးချိန်းတခုတွင် ခေါင်းမူးပြီး အန်ကြောင်း သိရသည်။ အစာမှား၍ဟု ယူဆရကြောင်း၊ သို့သော် ခြေလက်များအေးနေကြောင်း၊ အသားအရေမှာ ၀ါဖန့်ဖန့် ဖြစ်နေပြီး အားအင် နည်းပါးနေသော လက္ခဏာကို တွေ့ရှိရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယင်းကမာရွတ်မြို့နယ် တရားရုံးတွင် အရှင်ဂမ္ဘီရ တပါးတည်း အမှု ၉ မှုကို ရင်ဆိုင်နေရကြောင်း၊ ၎င်းအမှုများမှာ သင်းဖွဲ့ (၆) ပုဒ်မ တမှု၊ ပုံနှိပ် ၁၇ (၂၀) ပုဒ်မ ၂ မှု၊ မတရားသင်း ၁၇ (၂) ပုဒ်မ ၃ မှု၊ လ၀က ၁၃ (၁) ပုဒ်မ ၃ မှု တို့ဖြစ်ကြောင်း သိရသည်။

အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော သောကြာနေ့ ရုံးချိန်းတွင် အာဏာပိုင်များက ထုတ်ပြန်လိုက်သည့် အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေး အကျဉ်းသား များ ရုံးထုတ်ရာသို့ မိသားစုဝင်များကို လာရောက် ကြားနာခွင့်မပြုတော့ကြောင်းနှင့် ပုံမှန် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး တရက် တွင် ထောင်ဝင်စာတွေ့ခွင့်ပေးနေခြင်းကို စနေ၊ တနင်္ဂနွေသို့ပြောင်းလိုက်ကြောင်း ညွှန်ကြားချက်အား နိုင်ငံရေးအကျဉ်း သားများ၏ မိသားစုဝင်များက ယခင်အတိုင်း ခွင့်ပြုရန် ယမန်နေ့က တောင်းဆိုကြသည် ဟုလည်း ဦးခင်မောင်ရှိန်က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချို၏ဖခင်ဖြစ်သူ ဦးဝင်းမောင်ကလည်း “မနေ့က သွားလို့မရဘူး၊ တနင်္ဂနွေနေ့က ပါဆယ်ပေးတော့လည်း တွေ့ခွင့်မရဘူး၊ လုံးလုံး မိသားစုကို တွေ့ခွင့်မပေးဘူး၊ ကျောင်းသားတွေကတော့ လျှောက်လွှာတင် ထားတယ်၊ မိသားစုတွေနဲ့ တွေ့ခွင့် ပေးဖို့၊ စာတင်ထားတယ်၊ မိသားစုတွေစုပြီး စာတင်ဖို့လည်း စီစဉ်ထားတယ်၊ အဲဒါဖြစ် လိမ့်မယ်လို့ထင်တယ်၊ ထောင်အာဏာပိုင်တွေကို နှုတ်နဲ့တော့ ပြောထားတယ်”ဟု ပြောပြသည်။

စစ်အစိုးရက ဖမ်းဆီးထားသည့် ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့အား အင်းစိန်ထောင်တွင်း သီးသန့် တရားရုံးတွင် ရုံးထုတ်စစ်ဆေးရာသို့ မိသားစုဝင်များကို လာရောက်ကြားနာခွင့်မပေးပါက တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် ခြင်းမပြုနိုင်ဟု ပြောကြားထားသည်။

ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင် ၌ မိသားစုဝင်များနှင့် သတင်း မီဒီယာများကို ကြားနာခွင့် ပြုရန် တို့ကို ၈၈ မျိုးဆက်ကျောင်းသားများက ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများမှ တဆင့် တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၀၇ ခု သြဂုတ်လအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ရန် အစပြုခဲ့သော လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမင်းဇေယျတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များကို စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အထဲမှ အများစုမှာ ထောင်ဒဏ် ၁၅ နှစ်ကျော် ကျခံပြီးသူများဖြစ်သည်။

အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(USCB)နှင့် ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)တို့ကလည်း လွန်ခဲ့သည့် တနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၇၈ ရာခိုင်နှုန်းခန့် တိုးလာကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် ယမန်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်၍ တောင်းဆိုထားသည်။

လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား ၁၃၀၀ ခန့်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လ၌ ၁၁၉၂ ဦးရှိကာ ယခု ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၁၂၃ ဦး ရှိကြောင်း အထက်ပါ ပူးတွဲကြေညာချက်အရ သိရှိရသည်။

Read More...

10/5/08

Mizzima's interview with a monk escaped from hell

ရဲဘက်စခန်းမှ လွတ်မြောက်လာသော ရွှေဝါရောင် သံဃာတော်တပါး၏ ရင်ဖွင့်ချက်
မြင့်မောင်၊ ဝိုင်းပီး
သောကြာနေ့၊ အောက်တိုဘာလ 03 2008 23:59 - မြန်မာစံတော်ချိန်

" - - ရောက်တဲ့အချိန်ကစပြီး သံခြေကျင်းတွေ ခတ်ပြီးတော့ ဦးဇင်းတို့ကို အလုပ်ကြမ်းခိုင်းပါတယ်။ ထင်းတုံးကြီးတွေ ထမ်းရတယ်။ ချင်းပြည်နယ်ဆိုတာ သိတဲ့အတိုင်းပဲ၊ တောင်တန်းကြီးတွေ။ ချောက်ထဲကနေ တောင်ကုန်းပေါ်ထိ ထမ်းတင်ရတယ်။ အဲဒီတိုင်တွေကို တနင်္ဂနွေနေ့ရက်တွေမှာလည်း ထမ်းတင်ရတယ်။ နားရက်မရှိဘူး။ ထမ်းတင်ရတဲ့ အခါမှာလည်း ရှေ့ကလူကို နောက်ကလူက မှီအောင် လိုက်ရတယ်။ မမှီတဲ့ လူတွေကို တပ်ခွဲမှူး၊ တပ်စုမှူးတွေက နောက်ကနေ တအုံးအုံး တဘုံးဘုံးနဲ့ ရိုက်တယ်။ ထင်းတုံးကို မနိုင်လို့ လဲသွားတဲ့သူတွေကို ခြေတောက်နဲ့ ပိတ်ကန်တယ်။ ရင်ဝကို ဆောင့်ကန်တယ်။ နှိပ်စက်တာတွေ ခံခဲ့ရပါတယ်။ - - "


ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ဆိုးရွားလှသည့် လင်တန် ရဲဘက် အကျဉ်းစခန်းတွင် ၃ လခွဲနီးပါး အလုပ်ကြမ်းနှင့် နှိပ်စက် ညှဉ်းပမ်းမှုများ ခံရပြီးနောက် ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောသို့ ဦးဇင်း ဦးပညာသီရိ (ရန်ကုန်ကျောင်းတိုက်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်) ထွက်ပြေး လွတ်မြောက်လာခဲ့သည်။

ဦးဇင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ရှေ့ဆောင်ဦးရွက်ပြုသည့် ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဏာပိုင်များက မုံရွာမြို့တွင် ဖမ်းဆီးနှိပ်စက်ကာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။ မုံရွာထောင်တွင် ၇ လခန့် အကျဉ်းချထားပြီးနောက် ၂ဝဝ၈ ခုနှစ် မေလနှောင်းပိုင်းတွင် ကလေးထောင်မှတဆင့် ချင်းပြည်နယ်ရှိ ရဲဘက် အလုပ်ကြမ်း စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။

ရဲဘက်စခန်းအတွင်း လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်မှုများနှင့် ထွက်ပြေး လွတ်မြောက်လာပုံကို သိရှိနိုင်ရန်အတွက် မဇ္ဈိမသတင်းဌာနက တွေ့ဆုံလျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

မေး။ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဇင်းက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ ဘုရား။

ဖြေ။ ဦးဇင်းအနေနဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသနဲ့ လက်တွဲပြီးတော့ လုပ်ခဲ့တယ်။

မေး။ ဘယ်လို အဖမ်းခံခဲ့ရလဲ ဘုရား။

ဖြေ။ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ၊ သံဃာ့တပ်ပေါင်းစုက ကိုယ်တော်တွေကို စစ်အစိုးရက ဖမ်းဝရမ်းထုတ်တဲ့ အချိန်မှာ ဦးဆောင် ဆရာတော်တွေဟာ ရှောင်တိမ်းနေရတယ်။ ဦးဇင်းလည်း အပါအဝင်ပေါ့။ အဲဒီလို ရှောင်တိမ်းချိန်မှာ ဦးဇင်းကျောင်းကို စရဖ (စစ်ဘက်လုံခြုံရေးတပ်)၊ ကြံ့ခိုင်ရေး၊ ရဲတို့က ၃ ကြိမ်လောက် လာရောက် စီးနှင်း ရှာဖွေခဲ့တယ်။ ကံကောင်း ထောက်မစွာဖြင့် ဦးဇင်းက အပြင်ကို ရောက်နေခဲ့တယ်။ ဒီသတင်းတွေကြားတော့ ဦးဇင်းလည်း မုံရွာမြို့ကို ရှောင်တိမ်းခဲ့ပါတယ်။

ဖမ်းတဲ့ အချိန်က အောက်တိုဘာက ၁၈ ရက်နေ့၊ ည ၇ နာရီလောက် ရှိမယ် ထင်ပါတယ်။ အဲဒီအချိန်မှာ မုံရွာမြို့က soft link internet café မှာ အင်တာနက် အသုံးပြုနေတုန်း အဲဒီမှာ ဆိုင်ပိုင်ရှင်က ဖုန်းဆက်ပြောပုံ ရတယ်။ ခဏနေတော့ ပြန်အထွက်မှာ ရဲတွေရောက်လာပြီး ဖမ်းဆီးခံလိုက်ရတာ။

မေး။ ဖမ်းတုန်းက ဘယ်သူတွေ ပါသလဲ ဘုရား။ ပြီးတော့ ဘယ်ကို ခေါ်ဆောင်သွားလဲ။

ဖြေ။ လုံထိန်းရဲတွေ ပါတယ်၊ စစ်သားတွေ ပါတယ်။ အစိတ် (၂၅ ယောက်) - ၃ဝ လောက်ရှိမယ် ထင်တယ်။ သူတို့က ဦးဇင်းကို မေးစရာရှိလို့ ဆိုပြီးတော့ စခန်းကို ခဏလောက် လိုက်ခဲ့ပါလို့ ပြောတယ်။ ဦးဇင်းက ‘မေးစရာရှိရင် ဒီနားမှာ မေးပါ၊ ဘာမေးစရာ ရှိလို့လဲ’ ဆိုတော့ ‘စခန်းရောက်မှ ဖြေပါ။ စခန်းကျမှ မေးပါလိမ့်မယ်’ ဆိုပြီးတော့ မုံရွာမြို့ အမှတ် ၁ ရဲစခန်းကို ခေါ်သွားတယ်။

မေး။ စစ်ဆေးတာကရော ဘယ်လိုလဲ ဘုရား။

ဖြေ။ ဦးဇင်းဖြေတဲ့ အဖြေက သူတို့ စိတ်တိုင်းကျ မဟုတ်ဘူး။ သူတို့ လိုချင်တဲ့ အဖြေမဟုတ်ဘူးဆိုတော့ အဆိုးဆုံးက စရဖ အရာရှိ ကိုကိုအောင်ရယ်၊ ဦးစန်းဝင်းရယ်က ဦးဇင်း ရင်ဘတ်ကို စစ်ဖိနပ်နဲ့ ဆောင့်ကန်တယ်။ မျက်နှာကို စစ်ဖိနပ်နဲ့ ပေါက်တယ်။ နောက်ပြန် လက်ထိပ် ခတ်ထားတယ်။ မေးခွန်းတခု မေးတိုင်း ဦးဇင်းကို နားရင်းပါးရင်း ရိုက်တယ်၊ လက်သီးနဲ့ ထိုးတယ်။ ဦးဇင်းလည်း မေ့မြောသွားအောင် ခံစားရတယ်။ နောက်က ပြစ်ရိုက်တာ ရှေ့စားပွဲပေါ် မှောက်သွားတာပဲ။ နောက်ဆုံးတော့ ဦးဇင်းလည်း လုံးဝ မခံနိုင်တော့ဘူး။ ဦးဇင်းရဲ့ လက်အကြောတွေ၊ လက်တွေကို ချိုးတာပေါ့။ ကျဉ်ကြောတွေ နှိပ်တယ်။

နံကြားတွေကို ထောက်ပြီးတော့ မ’တာတွေ ရှိတယ်။ နားရင်းတွေကို ရိုက်တယ်။ နားရွက်တွေကို ဆောင့်ဆွဲတယ်။ နည်းမျိုးစုံနဲ့ စစ်ဆေးတယ်။ ခြေထောက်တွေကို တက်ကျိတ်တာက ဦးဇင်း ထောင်ကျတဲ့ အချိန်ထိ လမ်းကို ကောင်းကောင်း မလျှောက်နိုင်ဘူး။ ခြေသန်းတွေမှာ သွေးခြေဥနေတယ်။ ဦးဇင်း လုံးဝ မခံနိုင်တော့တဲ့အတွက် ဘာလုပ်လဲဆိုတော့ ဒီဝေဒနာတွေ မေ့သွားတာ ကောင်းတယ်ဆိုပြီးတော့ ဦးဇင်းရှေ့က ရှေ့မှာ ရှိတဲ့ စားပွဲကို ခေါင်းနဲ့ ပစ်ဆောင့်လိုက်တယ်။ ဘေးမှာရှိတဲ့ ရဲစခန်းမှူး ဦးအောင်ဝင်းက အတင်း ဦးဇင်းကို ဖက်ပြီးတော့ ‘ဦးဇင်း ... အဲဒီလို မလုပ်ပါနဲ့။ တပည့်တော်တို့က တာဝန်အရ လုပ်ရတာပါ။ အထက်က ညွှန်ကြားချက်အရ လုပ်ရတာပါ’ လို့ ပြောတယ်။

ဦးဇင်းက အဲဒီဟာမျိုး လုပ်လိုက်တော့ တဖြေးဖြေးနဲ့ လက်လျှော့ သွားတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိက နေ့ရော၊ ညပါ စစ်ဆေးတယ်။ ရေတောင် သောက်ခွင့်မပေးဘူး။ သူတို့အထက်က လူကြီးတွေ လာတဲ့အခါမှာ ခေါ်ပြီးတော့ စစ်ဆေးတယ်။ လူကြီးတယောက် လာလို့ရှိရင် တခြားအခန်းကို ပြောင်းပြီး စစ်ဆေးတယ်။ ‘လုံးဝ အဖြေမှန်မပေါ်ရင် အဖြေမှန်ပေါ်အောင်သာ စစ်ကွာ’ ဆိုပြီးတော့ အမိန့်ပေးတယ်။ နောက်ပိုင်းကျတော့ ဦးဇင်းကို ဘယ်လောက်ထိ ခြိမ်းခြောက်လဲဆိုတော့ ‘ဦးဇင်းရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ ဖယောင်းတိုင် ထွန်းပြီးတော့ စစ်ဆေးမယ်’ ဆိုတာမျိုးထိ ပြောလာတယ်။

သူတို့ ဘာတွေ ထပ်မေးလဲဆိုတော့ ‘၈၈ ကျောင်းသားအုပ်စုကို သိလား၊ သူတို့နဲ့ အဆက်အသွယ်ရလား၊ NLD ပါတီက ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိလဲ၊ ဘယ်သူတွေ သိလဲ’ ဆိုတော့ ဦးဇင်းက ‘ဘယ်သူတွေနဲ့မှ မသိပါဘူး။ အဆက်အသွယ်လည်း မရှိပါဘူး’ ဆိုပြီး ဖြေလိုက်တယ်။ ‘ငါတို့က အချက်အလက်တွေ ရပြီးသား။ မင်း ဗကသ လား။ ဗကပ လား’ ဆိုပြီးတော့ မေးတယ်၊ စွပ်စွဲတယ်။

ပိုဆိုးတာက ဦးဇင်းရဲ့ ပိုက်ဆံအိတ်ထဲမှာ အမေရိကန် စင်တာမှာ စာကြည့်တိုက် ကပ်ပြားလေး ပါတော့ သူတို့က ဘာမေးလဲဆိုတော့ ‘အမေရိကန် စင်တာမှာ နိုင်ငံရေးသင်တန်းတွေ တက်တာ မဟုတ်ဘူးလား။ အဲဒီမှာ နိုင်ငံရေး သင်တန်းတွေ ပို့ချနေတယ်၊ ဘာတွေ ပို့ချနေလဲ။ မပြောလို့ရှိရင် ဒီထက် ကြမ်းတမ်းတဲ့ စစ်ဆေးနည်းတွေနဲ့ စစ်ဆေးမယ်’ တဲ့။

‘အခုချိန်မှာ မင်းဟာ ငါတို့ လက်ခုပ်ထဲမှာ ရောက်နေတယ်။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ်။ အဖြေမှန်ပေါ်အောင် မပြောလို့ရှိရင်၊ အဖြစ်မှန်ကို မပြောဘူးဆိုရင် ငါတို့ ရာထူးပြုတ်ရင် ပြုတ်သွား ပလေ့စေ၊ ဒဏ်ရာ အနာတရ မရှိဘဲနဲ့ သတ်တဲ့ နည်းတွေ အများကြီး ရှိတယ်’ လို့ ခြိမ်းခြောက် စစ်ဆေးတယ်။

‘နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ အစိုးရကို အကြည်အညို ပျက်စေတဲ့ ရေးသားမှု၊ တရားမဝင် ငွေကြေးကိုင်ဆောင်မှု - ပုဒ်မတွေ အများကြီး တပ်တယ်။ နောက်ဆုံးမှာ ဒီကောင်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတာ ပြချင်တာနဲ့ နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မနဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်။ ပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဦးဇင်းကို မုံရွာထောင်ကို ပို့လိုက်တယ်။

မေး။ မုံရွာထောင်တွင်း အခြေအနေကို ပြောပြပေးပါလား ဘုရား။

ဖြေ။ မုံရွာ ထောင်ထဲတုန်းက ဦးဇင်း နောက်ကို အင်ဖော်မာ (သတင်းပေး) တွေ ထည့်ပေးထားတယ်။ ဦးဇင်းက လူတယောက်ကို စကားပြောမယ်ဆိုရင် နောက်ကနေ နားထောင်တာတို့၊ စောင့်ကြည့်တာတို့၊ အဲဒါတွေ လုပ်တယ်။ လူတယောက်နဲ့ စကားပြောပြီးတိုင်း ဦးဇင်းကို ရုံးကို ခေါ်ပြီးတော့မှ ‘သူ့ကို ဘာတွေ ပြောသလဲ၊ ဦးဇင်းနောက်မှာ တပည့်တော်လူတွေ ရှိတယ်၊ မဟုတ်တာတွေ မလုပ်ပါနဲ့၊ ဦးဇင်းကို သိက္ခာချမယ်’ လို့ ပြောတယ်။

မုံရွာထောင်ထဲ ရောက်တော့ စရဖ အရာရှိ ဦးစန်းဝင်းနဲ့ အက်စ်ဘီ ၂ ယောက်ရယ် မုံရွာမြို့ ရွှေကူကျောင်းတိုက်က သံဃနာယကဆရာတော် ဦးဇောတိကတို့ လာပြီးတော့မှ သိက္ခာ ချခိုင်းပါတယ်။ ဦးဇင်းကို သိက္ခာချခိုင်းတာ အနည်းဆုံး ၃-၄ ကြိမ်လောက် ရှိတယ်။

“မင်းရဲ့ သာသနာဝင် ကဒ်ပြားကို သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် ထောင်ကနေ လွတ်လာလို့ရှိရင်လည်း ဘုန်းကြီးဝတ်လို့ မရဘူး။ အခုလိုအချိန်မှာ သိက္ခာချမယ်ဆိုရင် နောက်ပြန်ဝတ်ချင်ရင် ဝတ်ခွင့်ပေးမယ်” လို့ ဦးဇောတိက က ပြောသေးတယ်။

ဒုထောင်မှူးကလည်း မကြာခဏ ခေါ်ခေါ်ပြီးတော့မှ သိက္ခာချခိုင်းတာတွေ ရှိတယ်။ ဝိနည်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ နောက် သံဃတပ်ပေါင်းစုနဲ့ ဆက်နွယ်တဲ့ မေးခွန်းတွေ၊ ရွှေဝါရောင် သံဃတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအကြောင်း မေးပါတယ်။ နောက်ပိုင်းမှ မေးတဲ့ ဒုထောင်မှူးဆိုသူဟာ စရဖ အရာရှိ ဦးစန်းဝင်းရဲ့ လူဆိုတာ သိလာတယ်။

မေး။ မုံရွာထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ၊ သံဃာတော်တွေ ဘယ်လောက်ရှိလဲ ဘုရား။

ဖြေ။ မုံရွာထောင်ထဲမှာ အများကြီးပဲ ဒကာကြီး။ အရပ်ဘက် အကျဉ်းသားတွေ ရှိတယ်။ ဘုန်းကြီးတွေ ၆ ပါးလောက် ရှိတယ်။ နိုင်ငံရေး အကျဉ်းသား ၁ဝ ယောက်လောက် ရှိမယ်။ သတိထားမိတာက မြစ်ကြီးနားဘက်က ဦးစောထွန်း ဆိုတဲ့ နိုင်ငံရေးသမားကြီး ရှိတယ်။ သူက တိုက်ပိတ် ခံထားရတယ်။

မေး။ ထောင်ထဲမှာရော ဦးဇင်းကို နှိပ်စက်ညှဉ်းပမ်းတာတွေ ရှိလား။

ဖြေ။ ဦးဇင်းကို နှိပ်စက်ညှဉ်းပမ်းတာတော့ ရှိတာပေါ့။ ရောက်သွားပြီး မကြာမီ ဆရာတော် ဦးဂမ္ဘီရတို့ အဖမ်းခံရတဲ့အတွက် ဦးဇင်းကို လာစစ်ဆေးတယ်။ ‘သံဃတပ်ပေါင်းစုက ဆရာတော်တွေ ဘယ်မှာ ရှိသလဲ။ ဦးသြဘာသတို့ ဘယ်မှာ နေသလဲ၊ ရွှေဝါရောင်မှာ ပါဝင်ခဲ့တဲ့ ဆရာတော်တွေထဲက ဘယ်ဘုန်းကြီးတွေ သိသလဲ’ ဆိုတာတွေ မေးတယ်။ ‘မသိပါဘူး။ ပါလည်း မပါခဲ့ပါဘူး’ လို့ ဖြေလိုက်တယ်။ ဖြေပေမယ့် သူတို့က လုံးဝ လက်မခံဘူး။

မေး။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြစ်ဒဏ်ချပြီးနောက် ဘယ်တွေကို ထောင်ပြောင်းရွှေ့တာတွေ ရှိသေးလဲ ဘုရား။

ဖြေ။ ဦးဇင်းကို ၂၁ ရက်၊ မေလမှာ ကလေးထောင်ကို ပို့တယ်။ ကလေးထောင်မှာ တပတ်လောက်နေပြီး မေလကုန်ပိုင်းလောက်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ် လင်တန် ရဲဘက်စခန်းကို ပို့လိုက်ပါတယ်။

မေး။ ကလေးမြို့ ထောင်မှာရော စစ်ဆေး မေးမြန်းတာတွေ ရှိသေးလား။

ဖြေ။ ကလေးထောင်ထဲမှာတော့ စစ်ဆေး မေးမြန်းတာတွေတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ရဲဘက်ပို့ဖို့ သံခြေကျင်းတွေ ခတ်ထားပြီလေ။ မုံရွာကနေ ပို့လိုက်တဲ့ အကျဉ်းသား ၁ဝဝ ရှိတယ်။ အားလုံးကို သံခြေကျင်းတွေ ခတ်ထားတယ်။ တချို့ ရဲဘက်ပြေးတွေ ပါတယ်။ စစ်ပေါ်တာတွေ ပါတယ်။ အသက်လုပြီး ပြေးခဲ့တဲ့ သူတွေကို သံခြေကျင်း နှစ်ခု ခတ်ထားတယ်။ မုံရွာထောင်ကနေ ကလေးထောင်ထိ သွားရတဲ့ဟာက သံခြေကျင်းတွေနဲ့ နှစ်ယောက် တတွဲ သွားရတယ်။

မေး။ ရဲဘက်စခန်းကို ဘယ်လိုပို့လဲ ဘုရား။ ဘာအလုပ်တွေ လုပ်ရလဲ။

ဖြေ။ မေလကုန်လောက် ရောက်တဲ့အချိန်ကစပြီး သံခြေကျင်းတွေ ခတ်ပြီးတော့ ဦးဇင်းတို့ကို အလုပ်ကြမ်းခိုင်းပါတယ်။ ထင်းတုံးကြီးတွေ ထမ်းရတယ်။ ချင်းပြည်နယ်ဆိုတာ သိတဲ့အတိုင်းပဲ၊ တောင်တန်းကြီးတွေ။ ချောက်ထဲကနေ တောင်ကုန်းပေါ်ထိ ထမ်းတင်ရတယ်။ အဲဒီတိုင်တွေကို တနင်္ဂနွေနေ့ရက်တွေမှာလည်း ထမ်းတင်ရတယ်။ နားရက်မရှိဘူး။ ထမ်းတင်ရတဲ့ အခါမှာလည်း ရှေ့ကလူကို နောက်ကလူက မှီအောင် လိုက်ရတယ်။ မမှီတဲ့ လူတွေကို တပ်ခွဲမှူး၊ တပ်စုမှူးတွေက နောက်ကနေ တအုံးအုံး တဘုံးဘုံးနဲ့ ရိုက်တယ်။ ထင်းတုံးကို မနိုင်လို့ လဲသွားတဲ့သူတွေကို ခြေတောက်နဲ့ ပိတ်ကန်တယ်။ ရင်ဝကို ဆောင့်ကန်တယ်။ နှိပ်စက်တာတွေ ခံခဲ့ရပါတယ်။

မေး။ ရဲဘက်စခန်းမှာ အလုပ်ကြမ်းတွေ လုပ်နေရင်း ဦးဇင်းရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိခဲ့လဲဘုရား။

ဖြေ။ စားရတဲ့ အစားအစာကလည်း ပုံစံနဲ့ စားရပါတယ်။ ရဲဘက်စခန်းမှာ နာမည်ကြီးတဲ့ ဒံပေါက်ထမင်းပေါ့။ ထမင်းတွေထဲမှာ ကျောက်ခဲတွေ ပါတယ်၊ စပါးလုံးတွေ ပါတယ်။ တခါတရံမှာ ကြွက်ချေးတွေကလည်း ပါတယ်။ အဲဒီလို နီရဲနေတဲ့ ထမင်းတောင်မှ အဝ မစားရဘူး။ အကျဉ်းသားတွေက ဒီလောက် ပင်ပင်ပန်းပန်း လုပ်ရပြီး ထမင်းကို ဝအောင်မစားရဘူး ဆိုတော့၊ အဲဒီ ရဲဘက်စခန်းကို ရောက်ပြီး နှစ်ပတ် သုံးပတ်လောက်လည်းကျရော လူတွေက မျက်တွင်းတွေ ချောင်ကျသွားတယ်။ ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ တချို့ဆိုရင် ဖျားတယ်။ တချို့ဆိုရင် သံခြေကျင်းရဲ့ ဒဏ်ကြောင့် ခြေထောက်တွေမှာ အနာတွေ ပေါက်လာတယ်။ သွေးစုနာတွေ ပေါက်လာတယ်။ ဦးဇင်းကိုယ်တိုင်လည်း သွေးစုနာ ၃-၄ ကြိမ်လောက် ပေါက်ဖူးပါတယ်။ အဲလို အစားဆင်းရဲတဲ့ဒဏ် အလုပ်ကြမ်းလုပ်ရတဲ့ ဒဏ်တွေကြောင့် မြစ်ကြီးနားက ကိုယ်တော်တပါးဆို ဒဏ်မခံနိုင်လို့ ဝါဆိုလပြည့်နေ့က ပျံလွန်တော်မူသွားရှာတယ်။

မေး။ ရဲဘက်စခန်းမှာ အလုပ်လုပ်လို့ လုပ်အားခရော ရတာမျိုးရှိလား ဘုရား။

ဖြေ။ ရဲဘက်စခန်းမှာ အကျဉ်းသားတဦးက အနည်းဆုံး တနေ့ကို အာဏာပိုင်တွေအတွက် တရက်ကို ၂ဝဝဝ သွင်းရတယ်။ ထောင်အလုပ်မရှိရင် အပြင်က ဝင်ငွေရတဲ့ အလုပ်တွေကို လိုက်လုပ်ရတယ်။ ၂ဝဝဝ ထက်ကျော်ရင်တော့ ထောင်သားတွေအတွက် စားစရာတွေ ဝယ်လို့ရတာပေါ့။

မေး။ ဘာကြောင့်မို့ အိန္ဒိယဘက်ကို ထွက်ပြေးခဲ့တာလဲဘုရား။

ဖြေ။ ဦးဇင်း ရောက်နေတဲ့ လင်တန် ရဲဘက်စခန်းကို အက်စ်ဘီ ၂ ယောက် ရောက်လာပြီး စစ်ဆေးပြန်တယ်။ ‘သံဃတပ်ပေါင်းစုမှာ ဦးဆောင်တဲ့သူတွေ သိလား’ ဆိုပြီး စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဆက်တိုက်မေးတယ်။ အဲဒီနေ့မှာ ဆွမ်းမစားရဘူး။ မဖြေနိုင်ရင် ထိုးတာကြိတ်တာ လုပ်တယ်။ ဦးဇင်းကို ‘သံဃတပ်ပေါင်းစုမှာ ပါတယ် မဟုတ်လား။ သံဃတပ်ပေါင်းစုက ဆရာတော်တွေ ဘယ်မှာ ရောက်နေလဲ’ ဆိုတာတွေ မေးတယ်။ ဒီလူတွေက ကလေးထောင်ကို ပြန်ပို့ပြီး ပုဒ်မ အသစ်တိုးပြီးတော့ ထောင်ကိုထပ်ပို့မှာ သိလိုက်ရတဲ့အတွက် ဒီည ထွက်မပြေးလို့ မဖြစ်တော့ဘူးလို့ တွေးပြီး ထွက်ပြေးခဲ့တယ်။

မေး။ တီးတိန်မြို့ လင်တန် ရဲဘက်စခန်းကနေ ဘယ်လိုမျိုး ထွက်ပြေးလာခဲ့လဲ ဘုရား။

ဖြေ။ အဲဒီ အလုပ်ကြမ်းစခန်းကို ပထမ တထပ်က ၁ဝ ပေလောက်ရှိတဲ့ သစ်တုံးကြီးတွေကို သံဆူးကြိုးတွေပတ်ပြီး ကာထားတယ်။ အဲဒီသစ်တိုင်ကြီးတွေကို ဖက်ပြီးတော့ ကျော်တက်ခဲ့ရတယ်။ ဟာ ... သံဆူးကြိုးတွေက လက်တွေခြေထောက်တွေကို စူးလိုက်တာလည်း မပြောပါနဲ့တော့။ ဒါပေမဲ့ ဒီဒဏ်ရာတွေကို ဂရုမစိုက်အားဘဲ အမြင့်ပေ ၁၅ ပေလောက်ရှိတဲ့ ဒုတိယသံဆူးကြိုးကို ကျော်ဖို့ ကြိုးစားရပြန်တယ်။ လက်တွေမှာလည်း သွေးအလိမ်းလိမ်းပေါ့။ ဟား ည အသက်အန္တရာယ် လွတ်ပြီဆိုတာနဲ့ ရင်ထဲမှာ နည်းနည်း ပေါ့သွားတာပေါ့။ အနာတရကို ဂရုမစိုက်အားဘဲ ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်ပြီး ဂက်စ်မီးခြစ်က အလင်းရောင်လေးကို အားပြုပြီး တွေ့တဲ့လမ်းအတိုင်း စွတ်ပြီး ထွက်ပြေးလာခဲ့တယ်။

တချို့ ချောက်ကမ်းပါးတွေဆို ၄-၅ နာရီကြာအောင် ဂရုစိုက်ဆင်းရတယ်။ ရှင်းလို့မရတဲ့ ခြုံတွေဆို လှိမ့်ချလိုက်ရတာရှိတယ်။ တိုးလို့မရတဲ့ ဆူးခြုံတွေဆိုရင် တောကောင်သွားတဲ့ လမ်းလေးတွေကို အားပြုပြီး လေးဘက်ထောက် သွားခဲ့ရတာတွေလည်း ရှိတယ်။ သားရဲတိရစ္ဆာန် အန္တရာယ်ကို စိုးရိမ်မိပေမယ့် ရှေ့ခရီးတွင်ဖို့ပဲ အာရုံထား ပြေးရတာပေါ့။ အဲဒီအချိန် ဗိုက်ကလည်းဆာ၊ စားစရာလည်းမရှိ၊ ရေကလည်း ငတ်တော့ တွေ့တဲ့ ဆီးဖြူသီးလေးတွေ ခူးစားပြီး ၂ ရက်၊ ၂ ည တိတိ မနားမနေ ပြေးခဲ့ရပါတယ်။

တခါတရံ ချောက်ကမ်းပါးတွေကို မတက်နိုင်လောက်အောင် မောပန်းနေတော့၊ ချောင်းတွေအတိုင်း စုံဆင်းနေတော့ ခရီးတွေက မဝေးသင့်ဘဲ ဝေးခဲ့တဲ့ ခရီးတွေကလည်း အများကြီးပဲ။ ရွာတွေကို တွေ့ရပေမယ့် အဖမ်းခံရမှာ၊ ခွေးဟောင်မှာ စိုးတဲ့အတွက် မဝင်ရဲဘူး။ ပတ်ရှောင်သွားရတယ်။ လမ်းတွေကလည်း မသိတော့ မှန်းဆသွားရတဲ့အတွက် အဝေးကြီး ရောက်သွားတာတွေ ရှိတယ်။ ပရိတ်၊ ပဋ္ဌာန်းနဲ့ ဘုရားဂုဏ်တော်တွေကို အဖော်ပြုပြီး မေတ္တာပို့ရင်း ပြေးလွှားနေရတာပေါ့။ နောက်ပိုင်း မရွတ်နိုင်တော့တဲ့အဆုံး အာရုံပဲ ပြုနိုင်တော့တယ်။

ကံကောင်းထောက်မစွာနဲ့ အသက် ၂ဝ ပတ်ဝန်းကျင်ရှိတဲ့ ချင်းတိုင်းရင်းသားလေး တယောက်က ထမင်းထုပ်နဲ့ ရေဗူးလေး ပါလာတာကို ပေးတော့ အငမ်းမရ မြိန်ရည်ယှက်ရည် စားလိုက်တယ်။ သခွားသီး ၃ လုံး ရောပေးတော့ စားလိုက်တာနဲ့ ရေဆာလည်း ပြေသွားတယ်။ ဒါနဲ့နောက်ဆုံး လမ်းပြပေးဖို့ အကူအညီ တောင်းလိုက်တော့ သူက လမ်းကြောင်းမှန်ကို ပြပေးတယ်။ ဦးဇင်းလဲ ကျေးဇူးတင်လွန်းလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ပါတဲ့ငွေ ၂ဝဝဝ ပေးလိုက်တယ်။

အဲဒီနောက် မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ကို ရောက်လာခဲ့တယ်။

မေး။ ထွက်ပြေးတုန်းက သံခြေကျင်းနဲ့ပဲလား ဘုရား။

ဖြေ။ အကျဉ်းစခန်းက တာဝန်ရှိသူတွေကို သြဂုတ်လလယ်လောက်မှာ ပိုက်ဆံ ၅ဝဝဝဝ ပေးလိုက်တော့ သံချေကျင်း ဖြုတ်ပေးပါတယ်။ ဒါနဲ့ ပြေးဖို့ လွယ်ကူသွားတာပေါ့။

မေး။ စစ်အစိုးရက သံဃာတော်တွေကို မတရား ဖမ်းဆီးမှုတွေအပေါ် ဘယ်လို ပြောလိုပါသလဲဘုရား။

ဖြေ။ ရက်စက်ယုတ်မာလှပါတယ်ဆိုတဲ့ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တုန်းကတောင်မှ သံဃာထုအပေါ်မှာ ဒီလောက် ရက်ရက်စက်စက် မနှိပ်စက်ခဲ့ပါဘူး။ အခု ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာ သာသနာ့ ဒါယကာလို့ ခေါ်နေတဲ့ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကတော့ ကိုယ်တွေ့ကြုံလိုက်မှပဲ ပြောစရာစကားလုံး ရှာမရလောက်အောင် ရက်စက်ပါ့ပေ့လို့ သိလိုက်ရတယ်။

ဒီလိုမျိုး ရက်စက် ယုတ်မာမှုတွေကို ရပ်တန်းက ရပ်ပါ။ အဲလိုမှမဟုတ်ရင် သမိုင်းမှာ ဂျာမဏီက နာဇီဟစ်တလာတို့လို သမိုင်းဆိုး တင်ကျန်ခဲ့မှာ မလွဲပါဘူး။ အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အာဏာရှင်တွေဟာ တယောက်ပြီးတယောက် ပြုတ်ကုန်ပြီ။ ကမ္ဘာမှာ ရှားရှားပါးပါး နအဖ စစ်အုပ်စုပဲ ကျန်ပါတော့တယ်။ နအဖ စစ်အုပ်စုသာ အမြင်မှန်ရမယ်ဆိုရင် အချိန်တွေ ကျန်ပါသေးတယ်။ သူတို့ရဲ့ နှလုံးသားမှာ စူးဝင်နေတဲ့ အမုန်းတရား၊ အာဃာတ တရားတွေဟာ သူတို့ကိုယ် သူတို့လည်း ဆင်းရဲဒုက္ခရောက်စေပြီး လူသားထု တရပ်လုံးကိုလည်း စိတ်မချမ်းမြေ့စရာတွေနဲ့ ရင်ဆိုင်နေရစေပါတယ်။ ဒီ အမုန်းတရား၊ အာဃာတ တရားတွေဟာ အမြင်မှန်ရတာနဲ့ ချက်ချင်း ပြောင်းပစ်လို့ ရပါတယ်။ ဒါမှမဟုတ်ရင် မြန်မာလူမျိုးတွေရဲ့ ဆင်းရဲတွင်းက နက်သည်ထက် နက်ပါလိမ့်မယ်။ အချိန်မီ ပြုပြင်ကြပါလို့ ဦးဇင်းအနေနဲ့ တိုက်တွန်းချင်ပါတယ်။

မေး။ ဦးဇင်းအနေနဲ့ ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်သွားမယ်လို့ စိတ်ကူးပါသလဲ ဘုရား။

ဖြေ။ ရွှေဝါရောင် အကြမ်းမဖက် တော်လှန်ရေးကြီးဟာ နအဖ စစ်အစိုးရအနေနဲ့ မတရား ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်၊ ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သံဃတပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသနဲ့အတူ သံဃာ ၃ သိန်းကျော်၊ ၄ သိန်းနီးပါး ကျန်ပါသေးတယ်။ ဦးဇင်းအနေနဲ့ ရှေ့ဆက်ပြီးတော့ နအဖ ဆိုတဲ့ အဓမ္မဝါဒီတွေကို အသက်ထက်ဆုံး ဓမ္မလမ်းကြောင်းပေါ်ကနေ အကြမ်းမဖက်တဲ့ နည်းတွေနဲ့ သံဃာထု၊ လူထုနဲ့အတူ ဆက်လက် လုပ်ဆောင်သွားမှာပါ။

အခု အနေအထားက အစွယ်နဲ့ ထိုးမယ့်ဆင်ဟာ နောက်တလှမ်းဆုတ် ဆိုတဲ့ အနေအထားပါ။ စက်တင်ဘာ လှုပ်ရှားမှုကြောင့် အာဇာနည် လူစွမ်းကောင်း ရဲရဲတောက် သတ္တိရှင်တွေ အများကြီး မွေးထုတ်ပေးခဲပါ့တယ်။ ဒီလူစွမ်းကောင်းတွေဟာ ဥပမာနဲ့ ပြောရမယ်ဆိုရင် ခြေစွမ်းထက်တဲ့ ဘောလုံးသမားကောင်းတွေ လိုပါပဲ။ ဒါကို အသင်းစုစည်းမှု တယောက်နဲ့တယောက် အပေးအယူ၊ အချိပ်အဆက်ရှိမှု၊ အောင်ကိုအောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ဦးဇင်းတို့ ပြန်လည် တည်ဆောက်နေပါတယ်။

အရေးကြီးဆုံးအချက်က ဘောလုံးပွဲတွေမှာ ကိုယ့်ခြေထောက်ထဲ ဘောလုံးရောက်ပြီဆိုရင် တကိုယ်ကောင်းဆန်ပြီး တယောက်ထဲ ဆွဲမပြေးဖို့ အဲဒါ အရေးကြီးဆုံးပဲ။ နောက်ပြီး ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို ဒီမိုကရေစီသဘောတရား၊ ဒီမိုကရေစီကျင့်စဉ်တွေကို စတင်ကျင့်သုံးဖို့ လိုနေပါပြီ။

ဒီမိုကရေစီဆိုတာ သူတပါးက လာပေးတာမဟုတ်ဘဲ ကိုယ်တိုင်ကျင့်သုံးရတာပါ။ အဲဒီတော့ နအဖ လက်ထဲမှာ ဒီမိုကရေစီမ ရှိဘူး၊ အဲဒါကို သွားတောင်းမနေနဲ့၊ အချိန်ကုန်တယ်။ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ် ရှိပြီးတော့ ငါတို့ဟာ တနေ့ မုချ အောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးပြီး သံဃာထု၊ ကျောင်းသားထုနဲ့ လက်တွဲကြပါ။ ဦးဇင်းလည်း စိတ်"ာတ် ခိုင်ခိုင်မာမာနဲ့ လက်တွဲဆောင်ရွက်ပါ့မယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။

Read More...

U Gambira's close relatives receive torture

အရှင်ဂမ္ဘီရ၏ညီအစ်ကိုတော်များ စစ်ကြောရေးတွင် ပြင်းပြင်းထန်ထန် နှိပ်စက်ခံနေရ

ဖြိုးကြီး။ အောက်တိုဘာ ၄၊ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက အရှင်ဂမ္ဘီရ၏ ညီဖြစ်သူနှင့် ယောက်ဖတို့နှစ်ဦးအား စစ်ကြောရေး စခန်းတွင် ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး ဖောက်ခွဲ (၃) နှင့် ရုံးတင်ရန် လုပ်ဆောင်နေသည်။

ကိုမိုးထက်လျှမ်းနှင့် ကိုအောင်ကိုကိုလွင်တို့နှစ်ဦးအား ဘားလမ်းအချုပ်တွင် အာဏာပိုင်များက ရိုင်းစိုင်းစွာ ပြောဆိုရိုက်နှက်ခဲ့ကြပြီး ပြီးခဲ့သည့်လ (၂၉) ရက်နေ့က မြောက်ဒဂုံတရားရုံးတွင် ပထမဆုံး ရုံးထုတ်ခဲ့သည်။

“ထောက်လှမ်းရေးနဲ့ SB အယောက်နှစ်ဆယ်က ကိုမိုးထက်လျှမ်းကို ခုနှစ်ရက်၊ ခုနှစ်ညလုံးလုံး ကြမ်းကြမ်းတမ်းတမ်း ပါးရိုက်တယ်၊ အလှည့်ကျ တယောက်ပြီးတယောက် စစ်နေတာ၊ နံပါတ် တုတ်နဲ့လည်း ရိုက်တယ်၊ ခြေသလုံးပေါ်ကို မျဉ်းလုံးတင်ပြီး အပေါ်ကတက်လှိမ့်တာ အဲလိုတွေ ကို လုပ်တာ”ဟု မိသားစုဝင်တဦးက ပြောသည်။

အာဏာပိုင်များက ကိုမိုးထက်လျှမ်းအား ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သည့် အရှင် ဂမ္ဘီရ၏ ယောက်ဖတော်စပ်သည့်အတွက် အငြိုးအတေးများဖြင့် ပြောဆိုပြမှုဆက်ဆံခြင်းဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အောင်ကိုကိုလွင်ကိုတော့ အာဏာပိုင်တွေက အခုပြန်စည်းရုံးနေတယ်၊ သတင်းစာရှင်းလင်းပွဲ လုပ်မှာ၊ အဲဒါ မင်းက အစိုးရသက်သေလုပ်ရင် လွှတ်ပေးမယ်ဆိုပြီး အတင်းဖြောင့်ချက်ပေးခိုင်း နေတာ”ဟု မိသားစုဝင်က ပြောသည်။

အာဏာပိုင်များက ကိုအောင်ကိုကိုလွင်အား တရားသူကြီးရှေ့တွင် ကြိုတင် အစစ်ဆေးခံချက် ဆိုပြီး အရင်ထွက်ချက်တွေကို ပေးခိုင်းကာ စည်းရုံးမှုများပြန်လုပ်နေတယ်ဟု ဆက်ပြောသည်။

“အောင်ကိုကိုလွင်ကို (၁၁) ရက်နေ့က မိတ္ထိလာကနေဖမ်းတာ၊ စိုးလွင်နဲ့ ရဲညွန့်တို့လည်း ပါတယ်၊ (၁၂) ရက်နေ့မှာ ညောင်ဦးလေဆိပ်ကနေ လေယဉ်နဲ့ခေါ်လာတာ၊ မိုးထက်လျှမ်းကို (၇) ရက်နေ့ကနေ(၂၆)ရက်နေ့ထိ စစ်တယ်၊ အောင်ကိုကိုလွင်ကို (၁၂) ရက်နေ့ကနေ (၂၆)နေ့ထိ စစ်တာ”ဟု မိသားစုဝင်က ဆက်ပြောသည်။

လှိုင်မျိုး၊ ကျော်မျိုးထက်၊ စိုးလွင်နှင့် ရဲညွန့်တို့ လေးဦးအား (၁၂) ရက်နေ့တွင် မြောက်ဒဂုံရဲစခန်း သို့ ပြောင်းရွှေ့ချုပ်နှောင်ထားပြီး (၂၆) ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ကာ (၃၀) ရက်နေ့မှ စတင်၍ စစ်ဆေးမှုများပြုလုပ်နေလျှက်ရှိသည်။

ကိုမိုးထက်လျှမ်းနှင့် ကိုအောင်ကိုကိုလွင်တို့အား မြောက်ဒဂုံတရားရုံးမှ လာမည့် (၁၀) ရက်နေ့ တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်း ချိန်းဆိုလိုက်သည်။

Read More...

10/4/08

Ashin Gambira under attack in the court

အရှင်ဂမ္ဘီရနှင့် တရားရုံးဝန်ထမ်းများ အချေအတင်ဖြစ်ပွား

ရိုးမ ၃။ အောက်တိုဘာ ၄၊ ၂၀၀၈

ပြီးခဲ့သည့် တနင်္လာနေ့ ရုံးချိန်းတွင် အရှင်ဂမ္ဘီရနှင့် တရားရုံးဝန်ထမ်းများ စကားအချေအတင် ဖြစ်ပွားခဲ့သည်။


အရှင်ဂမ္ဘီရ၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ရှိန်အား လျှောက်လဲချက်ပေးမရအောင် တရားသူကြီး၊ ဥပဒေဆွဲချနှင့် စာရေးမ ၂ ဦးက ဝိုင်းနှောင့်ယှက်သဖြင့် အရှင်ဂမ္ဘီရနှင့် စကားအချေအတင်များ ခဲ့ကြသည်။

“ဦးဇင်းက အဲဒီမှာ ထပြောတာ၊ ငါ့ရှေ့နေကို ဘာမှ အတင်းအကြပ်ပြောနေစရာမလိုဘူး၊ ငါ (FDB)နဲ့လည်း အဆက်အသွယ် လုံးဝမရှိဘူး၊ တရားခွင်မှာ ဒီလိုအနိုင်မကျင့်နဲ့၊ မကျေနပ်ရင် ကြိုးပေးလိုက်ကွ ဆိုပြီးပြောတာ” ဟု မိသားစုဝင်တဦးက ပြောသည်။

အာဏာပိုင်များက အရှင်ဂမ္ဘီနှင့် ရွှေဝါရောင်တော်လှန်ရေးအား နာမည်ဖျက်ရန်အတွက် အမျိုးမျိုး လုပ်ဆောင်နေလျှက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“အာဏာပိုင်တွေက ဦးဇင်းရဲ့ညီအရင်း အောင်ကိုကိုလွင်ကို စည်းရုံးနေတာ၊ သူတို့ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ဦးဇင်းတို့ကို နာမည်ဖျက်မယ်၊ ဖေါက်ခွဲရေးပုဒ်မတွေနဲ့ တပ်ပြီး လုပ်ချင်နေ တာ”ဟု မိသားစုဝင်က ပြောသည်။

အာဏာပိုင်များက အရှင်ဂမ္ဘီရ၏နှမဖြစ်သူအား ပြည်ပမီဒီယာများနှင့် ပြောဆိုခြင်းများ မပြုလုပ် ရန် လက်မှတ်ထိုးခိုင်းသည့်အတွက် လက်မှတ်ထိုးပေးခဲ့ကြောင်း မိသားစုဝင်က ဆက်လက် ပြောဆိုခဲ့သည်။

အရှင်ဂမ္ဘီရ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ “ဦးဇင်းနေမကောင်းဖြစ်တယ်၊ အခုတော့ သက်သာသွားပါပြီ၊ စိတ်ညစ်စရာတွေများတော့ ပင်ပန်းသွားပြီးဖြစ်တာ”ဟု ဆက်လက်ပြောသည်။

Read More...

10/2/08

no justic in the court: U Gambira's lawyer

အရှင်ဂမ္ဘီရ တရားရုံး မျှတမှုမရှိဟု ရှေ့နေပြောကြား
Thursday, 02 October 2008 07:00 ကိုစိုး irrawaddy

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင် သံဃာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် ၁၁ ဦး အမှုကို ယမန်နေ့က အင်းစိန်ထောင် သီးသန့်ရုံး၌ ရုံးထုတ်ရာတွင် ယင်းတရားရုံး၏ လုပ်ထုံးလုပ်နည်းမှာ တရား မျှတမှု မရှိသော ကြောင့် ၎င်း၏ ရှေ့နေပါဝါကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။


အင်းစိန်ထောင်အတွင်းရှိ အလုံမြို့နယ် သီးသန့် တရားရုံး၌ ယမန် နေ့က အဆိုပါအမှုအား ရုံးထုတ်ရာတွင် တရားလိုများဘက်မှ ရုံးချိန်း ၂ ချိန်းအထိ စတင်ယူခဲ့ပြီး စာမျက်နှာ ၁၃ မျက်နှာခန့်အမှုတွဲအား တင်သွင်းစွဲဆိုခဲ့ကြောင်း၊ ရှေ့နေကြီး ဦးအောင်သိန်းက တရားခံများ ဘက်မှ ခုခံချေပရန်အတွက် ယင်းအမှုတွဲကူးယူရန်နှင့် ဖတ်ရှုညှိနှိုင်းရန် အချိန် မလုံလောက် သဖြင့် တရားရုံးသို့ ရုံးချိန်းထပ်မံရွှေ့ဆိုင်းပေးရန် တောင်းဆိုသည်ကို တရားရုံးက ခွင့်မပြုခဲ့ ကြောင်း၊ ထို့ကြောင့် ယခု အမှုကို လိုက်ပါ အကျိုးဆောင်နေခြင်းမှ ရပ်ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

“အဓိကကတော့ Fair Trial မဖြစ်တာ၊ တရားမမျှတတာ၊ တရားလို ကိုယ်တိုင်က ရုံးချိန်း၂ ချိန်းယူတယ်၊ တရားလိုက သူ ထွက်ချက်တွေ ပေးရတာ၊ ၁၃ မျက်နှာလောက်ရှိတယ်ဗျာ၊ ကွန်ပျူတာနဲ့ စီထားတာ၊ နောက် သူတို့ စပြီး ထွက်တာ၊ ကျုပ်တို့ ကျတော့ မိတ္တူကူးဖို့ ကျတော့ အချိန်မရွေး ထုတ်မပေးဘူး၊ အဲဒီတော့ ဘာမှကြို မသိရဘူး၊ နောက် အမှုသည်နဲ့ ကြိုပြီး ညှိနှိုင်းမှုတွေ ဘာမှရတာမဟုတ်ဘူး၊ အမှုတွဲ ကူးလို့မရရင် အမှုသည်နဲ့ ကြိုတင် ညှိနှိုင်းလို့ မရနိုင်ဘူး၊ ဒီလို အခြေအနေ မျိုးမှာ အဲဒီ ပြဿနာတွေပေါ်ပေါက်ရင် ကျနော်တို့က ဘယ်လိုလုပ်မလဲ၊ ကျနော်က ထွက်ရတော့မှာပေါ့၊ အဲဒီ သဘောပဲ”ဟု ဦးအောင်သိန်းက ဧရာဝတီသို့ ပြောဆိုသည်။

ယင်းအမှုအတွက် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က အင်းစိန်ထောင် အလုံမြို့နယ် သီးသန့် တရားရုံး၌ တရားလိုများ ကို စတင် စစ်ဆေးခြင်းဖြစ်ပြီး ယမန်နေ့ကပါ ဆိုလျင် ရုံးချိန်း၂ ချိန်းရှိပြီဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယမန်နေ့က အရှင်ဂမ္ဘီရအပါအ၀င် ကိုအောင်ကျော်၊ ဦးအိန္ဒက၊ ဦးအိန္ဒြိယ၊ ဦးသုမန၊ ကိုအောင်ကျော်ကျော်၊ ကိုကျော်ကျော်နိုင်၊ ဦးသန်းနိုင်၊ ဦးရွှေမောင်း၊ ကိုဝဏ္ဏအောင်၊ ဦးဇော်ဝင်း စသည့် ၁၁ ဦးကို ၁၂၄(က)၊ ၅၀၅(ခ) ပုဒ်မအရ အစိုးရကိုအကြည်ညိုပျက်စေမှု သို့မဟုတ် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေမှု ၊၂၉၅ (က) ပုဒ်မအရ သာသနာတော် ညှိုးနွမ်းစေမှု တို့အတွက်ရုံးထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးအောင်သိန်းက ဆက်လက်ပြီး“သူတို့က ဦးတိုက်လျှောက် တရားစွဲဆိုတာ၊ အဲဒါ အမှုတွဲကို ရုံးရှေ့မှာဖတ်တယ်၊ ပြီးသွားတဲ့ အခါကျတော့ ကျနော်ကတရားရုံးကိုတောင်းတယ်၊ နောက်တချိန်း ပေးပါ၊ ဒီမှာပါတဲ့ အကြောင်း အရာတွေမေးရမြန်းရဦး မယ်၊ မေးပြီးတော့မှ ကျနော်တို့ကလုပ်ရမှာ၊ ဘုန်းကြီးကလည်း ၅ ပါးလောက်ပါနေတယ်၊ ကျနော်က အဲဒါတွေ ရှင်းပြပြီး ရုံးချိန်း ထပ်တောင်းတာကို ခွင့်မပြုဘူး၊ အခုစစ်ခိုင်းတယ်၊ ဒါကြောင့် ကျနော့်ပါဝါ ပြန်ရုပ်သိမ်း လိုက်တာ၊ ဘယ်သူ့ကိုမှ မလွှဲဘူး၊ ကျနော်ဆက်ပြီးတော့ လိုက်စရာအကြောင်း မပေါ်ပေါက်တော့ ဘူး၊ ရှေ့နေနဲ့ အမှုသည်ရဲ့ကျင့်စဉ်အရ အမှုသည် ကရပ်ပါဆို လိုက်နေရင်းက ထွက်ပေးလိုက်ရတယ်၊ ရှေ့နေက လည်း သူမလိုက် တော့ဘူးဆို အမှုသည်ကို သဘောပေါက် အောင်ရှင်းပြပြီးတော့ သဘောတူတယ် ဆိုရင် ပါဝါ ရုပ်သိမ်းတယ် ဒါပဲ”ဟု ပြောဆိုသည်။

ထိုသို့ တရားခွင်၌ တရားမျှတမှု မရှိသည့်အတွက် ရှေ့နေကြီးဦးအောင်သိန်းက ၎င်း၏ ရှေ့နေပါဝါ ပြန်လည် ရုပ်သိမ်းလိုက် ရာ လတ်တလောတွင် ယင်းအမှုအား မည်သည့် ရှေ့နေက ဆက်လက်အကျိုးဆောင်ပေးမည်ကို မသိရှိရသေးပေ။

အရှင်ဂမ္ဘီရကို တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု ၊ အီလက်ထရွန်းနစ် ဥပဒေ၊ လူထုကို အထိတ် တလန့်ဖြစ်စေမှု၊ ဘာသာသာသနာ ညှိုးနွမ်းစေသည့် ပုဒ်မ၂၉၅(က)၊ အရေးပေါ် စီမံချက်အက်ဥပဒေ ၅(ည)၊ အသင်းအဖွဲ့ ပုဒ်မ (၆)၊ လဝက ဥပဒေ ၁၃/၁၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူ ၅ ဦး ထက်ပိုစုစည်းမှု၊ တရားမ၀င် ပုံနှိပ်ထုတ်ဝေမှု ၁၇/၂၀ စသည့် ပုဒ်မ များဖြင့် စွဲဆိုထားကြောင်းလည်း သိရသည်။

လွန်ခဲ့သည့်သြဂုတ်လ ၂၀ ရက်နေ့ကလည်း အရှင်ဂမ္ဘီရအား အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ အမှုနှင့် ပတ်သက်ပြီး အင်းစိန်ထောင် အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သေးသည်။

အရှင်ဂမ္ဘီရအား သြဂုတ်လ ၁၈ ရက်နေ့ က ပထမဆုံးအကြိမ် ရုံးထုတ်ရာတွင် မဂ္ဂင်ဆရာတော် ဦးအိန္ဒက၊ ဦးကေသလ (မန္တလေး)၊ ဦးသုမန (စာရေးဆရာ မင်းဆက်) အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များဖြစ်သော ကိုရွှေမောင်း(မန္တလေး)၊ ကိုဝဏ္ဏအောင် (မန္တလေး)၊ ကိုသန်းနိုင် (တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင် စသည် တို့ကိုလည်း ရုံးအတူ ထုတ်ခဲ့သည်။


အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Read More...