10/27/08

U Gambira has a serious headache

အရှင်ဂမ္ဘီရ ထောက်လှမ်းရေးတွေရဲ့ ဖိအားပေး စစ်ဆေးခံရတဲ့အတွက် ဆေးရုံတက်နေရ
RFA 2008-10-25

ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးရုံးတင် စစ်ဆေး ခံနေရတဲ့ သံဃာ့ တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးဂမ္ဘီရဟာ တခုခုစဉ်းစား လိုက်ရင် အပြင်းအထန် ခေါင်းကိုက်လာတဲ့ ဝေဒနာကို ခံစားနေရတဲ့အတွက် အင်းစိန်ထောင် ဆေးရုံမှာ တက်ရောက် ကုသနေတာဟာ ၃ ပတ် နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။


ထောက်လှမ်းရေးတွေရဲ့ ဖိအားပေး စစ်ဆေးခံရတဲ့အတွက် စိတ်ထိခိုက်ပြီး ဆေးရုံတက်နေရတာ ဖြစ်တယ်လို့ အရှင်ဂမ္ဘီရရဲ့ အမတဦးဖြစ်သူ မလွင်လွင်မြင့်က အာအက်ဖ်အေကို ပြောပါတယ်။
အရှင်ဂမ္ဘီရရဲ့ အမတဦး။ ။ "ကျမတော့ပြောထားတာက ဦးနောက်နဲ့ အာရုံကြော ဆရာဝန်ကို ပြဖို့ညှိနေတယ် ထောင်ဆရာဝန်နဲ့ ညှိနေတယ်ပေါ့၊ ဒါပေမဲ့ မရသေးဘူး ကျန်းမာရေးက တအားစိုးရိမ်ရတာကို စာတင်ထားတယ် မပြန်သေးဘူး။"

ဆရာတော်ကို စစ်ဆေးတဲ့အခါမှာ အမဖြစ်သူတွေကို ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တဲ့ အတွက် ဆရာတော်ဟာ စိတ်ဖိစီးမှုဒဏ်ကို ခံနေရတယ်လို့ပြောပါတယ်။ ဒီနေ့မနက် ထောင်ဝင်စာသွားတွေ့တဲ့ တခြား အမတဦးဖြစ်သူ မခင်သူဌေးကို အက်အက်ဖ်အေက ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ သူတို့ကို ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီရဲ့ စေခိုင်းချက်အရ ရန်ကုန်တိုင်းရဲမှူး ဦးမြင့်မောင်က လာရောက်ကာ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စည်းရုံးခဲ့ပုံကိုလည်း ဆက်ပြောပြပါတယ်။ အဲဒီလိုပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဆရာတော်နဲ့အတူ ဖမ်းဆီးခံနေရတဲ့ မခင်သူဌေးရဲ့ ခင်ပွန်းဖြစ်သူ ကိုမိုးထက်လျှမ်းကို လွတ်ပေးမယ်လို့ ပြောဆိုခဲ့ကြောင်းသိရပါတယ်။ မခင်သူဌေးက ဘယ်လိုနည်းနဲ့မှ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။

မခင်သူဌေး။ ။ "သူတို့က ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အမျိုးသားကို ချက်ခြင်းလွတ်ပေးမယ်ပေါ့၊ ရတယ်လို့ ကြိုက်သလောက် ချချင်သလောက်သာ ချတော့ဆိုပြီး ပြောလိုက်တယ်။"

အရှင်ဂမ္ဘီရရဲ့ အမဖြစ်သူ မခင်သူဌေး ပြောပြခဲ့တာပါ။ အရှင်ဂမ္ဘီရနဲ့ပတ်သက်ပြီး သူရဲ့မိသားစုဝင်တွေနဲ့ မိတ်ဆွေ ၁၁ဦးကိုလည်း ဖမ်းဆီးထားပါတယ် ။ အဲဒီထဲမှာ အကိုဖြစ်သူ ကိုအောင်ကျော်ကျော်၊ ညီဖြစ်သူ ကိုအောင်ကိုကိုလွင် မခင်သူဌေးရဲ့ ခင်ပွန်းဖြစ်သူ ကိုမိုးထက်လျှမ်း တို့ပါဝင်ပါတယ်။ အရှင်ဂမ္ဘီရနဲ့အတူ ပါဝင်ပတ်သက်တဲ့ သူတွေရဲ့ အမှုတွဲတွေကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း ရုံးထုတ် စစ်ဆေးပေးနေပေမယ့် မိသားစုကတော့ ကြားနာခွင့်မရဘူးလို့ သိရပါတယ်။

No comments: