11/16/08

RFA 2008-11-16

ဦးဂမ္ဘီရရဲ့အမှု မနေ့က ရုံးထုတ်စစ်ဆေးတဲ့ အခြေနေ

အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ သံဃာ့အရေးအခင်း ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့ အမှုကို မနေ့က စနေနေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီလို စစ်ဆေးရာမှာ တရားဥပဒေအရ ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ရထားတဲ့ရှေ့နေကို အာဏာပိုင်တွေက တရားခွင်ကို ဝင်ရောက်ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။ ဦးဂမ္ဘီရအမှု ရုံးထုတ်တာနဲ့ ပတ်သက်လို့ အင်းစိန်ထောင်တွင်း တရားခွင်နဲ့ နီးစပ်တဲ့ ရန်ကုန်မြို့ခံတဦးက ပြောပြပါတယ်။

ရန်ကုန်မြို့ခံတဦး။ ။ "ဂိတ်ကတော့ ဝင်ခွင့်ပေးခဲ့တယ်၊ အထဲရောက်တော့မှ SB တွေက ဆွဲထုတ်သွားတယ်။ တရားသူကြီးကိုယ်တိုင်က သူ့မှာ ပါဝါပါတယ်၊ ဦးဂမ္ဘီရရဲ့ ပါဝါပေးထားတဲ့ လက်မှတ်တွေလည်း ပါတယ်၊ သူ့ရှေ့နေ ဒါကြောင့် ကျမတို့က အမှုစစ်တာကို ခွင့်ပြုရမှာ လို့ ပြောပေမယ့် လုံခြုံရေးအရဆို အော်ဟစ်ပြီး တရားခွင်မှာ မဆဲရုံတမယ်လောက်ပဲ၊ အဲလိုဖြစ်နေတယ်။"

ဦးဂမ္ဘီရကို အာဏာပိုင်တွေက ဖမ်းဆီး အကျဉ်းချပြီး စွဲချက်အမျိုးမျိုးနဲ့ ရုံးတင်စစ်ဆေးနေပါတယ်။ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပေမယ့် ကျန်းမာရေးစောင့်ရှောက်မှု နည်းတဲ့အတွက် ဆရာတော်ဟာ ကျန်းမာရေး အထူးချို့ယွင်းနေတယ်လို့လည်း အာအက်ဖ်အေက စုံစမ်းသိရပါတယ်။

လောလောဆယ် ပြစ်မှု မစီရင်ရသေးတဲ့ အမှုတွေမှာ ဦးဂမ္ဘီရရဲ့ အမှုတွေပါဝင်ပြီး အပြစ်ရှိတယ်လို့ စီရင်ချက်ချရင် ထောင်ဒဏ် အနည်းဆုံး နှစ် ၅ဝကျော်ကျမယ်လို့ ရန်ကုန်ရှေ့နေအသိုင်းဝိုင်းက ခန့်မှန်းထားပါတယ်။

No comments: