10/13/08

Ashin Gambira has a headache

ဦးဂမ္ဘီရနှင့် ကျောင်းသားခေါင်းဆောင်များ၏ အမှုများကို ရုံးထုတ်စစ်ဆေး
RFA 2008-10-13

အင်းစိန်အကျဉ်းထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ အရှင်ဂမ္ဘီရအပါအဝင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ဆန္ဒပြပွဲတွေအပြီး အဖမ်းခံရတဲ့ နိုင်ငံရေးလှုပ်ရှားသူ အချို့ရဲ့ အမှုတွေကို ထောင်တွင်း သီးသန့်တရားရုံးတွေမှာ ဒီကနေ့ အောက်တိုဘာ ၁၃ရက် တနင်္လာ နေ့မှာ ဆက်လက် စစ်ဆေးခဲ့ပါတယ်။

အရှင်ဂမ္ဘီရမှာ အမှုတွဲတွေရှိပေမဲ့ ဒီကနေ့မှာ တပါးတည်း ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ အရှင်ဂမ္ဘီရရဲ့ အမှုလိုက်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောပါတယ်။

ဆရာတော်ရဲ့ ကျန်းမာရေး အခြေအနေမှာလည်း အတော်လေး အားနည်းနေပြီး ခေါင်းကိုက်တဲ့ ဝေဒနာကို အပြင်းအထန် ခံစားနေရတယ်လို့ ဦးခင်မောင်ရှိန်က ပြောပါတယ်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်အပါအဝင် ၈၈မျိုးဆက်ကျောင်းသား ၃၅ ဦးရဲ့ အမှုတွဲ ၂၁ မှုထဲက ၇ မှုကို ဒီကနေ့ စစ်ဆေးဖို့ ဆောင်ရွက်ရာမှာ မနီလာသိန်းနဲ့ မမာမာဦးရဲ့ အမှုတွေကို ပေါင်းထည့်လိုက်တဲ့အပြင် အမှုစစ်ဆေးတဲ့ တရားသူကြီးတွေကိုပါ ပြောင်းလဲလိုက်တယ်လို့ ရှေ့နေ ဦးခင်မောင်ရှိန်က ပြောပါတယ်။

ရှေ့နေဦးခင်မောင်ရှိန်။ ။ 'ကိုမင်းကိုနိုင်ပါ ၃၅ဦးအတွက်ကို အင်းစိန်မြို့နယ်တရားရုံး၊ လှိုင်သာယာမြို့နယ် တရားရုံး၊ ဒီရုံးတွေရှိတယ်။ အဲဒီဟာက ဒီနေ့ကျတဲ့အခါကျတော့ ကိုမင်းကိုနိုင်တို့ကို ၁နာရီကျော်မှ ထုတ်တယ်။ နောက်ပြီးတော့ အဲဒီက အမှုတွေကို အရှေ့ပိုင်းခရိုင် တရားရုံးကနေပြီးတော့ လွှဲပြောင်းယူလိုက်တယ်။ '

'လွှဲပြောင်းယူလိုက်တော့ အဲဒီ အင်းစိန်မြို့နယ် တရားရုံးမှာရှိတဲ့ ၅မှုရယ်၊ နောက်တခါ လှိုင်သာယာမြို့နယ်ရုံးမှာရှိတဲ့ ၂မှုရယ်၊ အားလုံး ၇မှုကို အဲဒီအရှေ့ပိုင်းခရိုင်တရားရုံးက တရားသူကြီး နှစ်ပါးထိုင်ပြီးတော့ အမှုကို လွှဲပြောင်းလိုက်တယ်။ အမှုနံပါတ်တွေ ပြောင်းသွားတယ်။ တရားလိုပြောင်းသွားတယ်။ အဲဒီဟာတွေက ဒီနေ့ မစစ်ဖြစ်ဖူး။'

'ဒီနေ့မှာ မနီလာသိန်းနဲ့ မမာမာဦးနဲ့ကို တရားခံပြေးမှုကနေပြီးတော့ အဲဒီအမှု ၇မှုမှာ ၇မှုဆိုတာ သူတို့ ပါတဲ့အမှုတွေပေါ့။ ပါတဲ့အမှုတွေမှာ သူတို့ကို ဒီမူလမှုမှာ လွှဲလိုက်တယ်။ လွှဲပြီးတော့ ဒီဟာတွေကို အသစ်ပြန်စစ်မယ်။'

ရှေ့နေဦးခင်မောင်ရှိန်ဟာ ကျောင်းသားတွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေသူပါ။ ရုံးထုတ် စစ်ဆေးစဉ်အချိန်မှာလည်း အားလုံးကို လက်ထိပ်တွေ ခတ်ထားတဲ့အပြင် တနေကုန် အစားအစာ မစားရပဲ တရားရုံးထဲမှာ အမှုစစ်ဖို့အတွက် ထိုင်စောင့်ကြရတယ်လို့ သူက ပြောပါတယ်။

စက်တင်ဘာဆန္ဒပြပွဲတွေအပြီး အဖမ်းခံရတဲ့ ကိုထွန်းထွန်းဦး၊ ကိုမောင်မောင်လတ်နဲ့ မထားထားသက်တို့ကလည်း ဒီကနေ့ ရုံးထုတ်စစ်ဆေးတဲ့အချိန်တုန်းက ထောင်တွင်း တရားစီရင်မှုကို အယုံအကြည်မရှိတာကို ပြသတဲ့အနေနဲ့ သူတို့ရဲ့ရှေနေအဖြစ် လိုက်ပါဆောင်ရွက်နေတာတွေကို ရုပ်သိမ်းခဲ့တယ်လို့ ရှေ့နေဦးခင်မောင်ရှိန်က ပြောပါတယ်။

No comments: