8/20/08

အရှင်ဂမ္ဘီရနှင့် အခြား ၁ဝ ဦးကို ရုံးတင် တရားစွဲ

နန်းခမ်းကယောက်၊ ဒီဗွီဘီ
၁၉-ဝ၈-ဝ၈

စက်တင်ဘာ သံဃာ့ဆန္ဒပြမှုနဲ့ပတ်သက်ပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရ အပါအဝင် ၁၁ ဦးကို အင်းစိန်ထောင် အထူးတရားရုံးမှာ ဒီနေ့ ရုံးထုတ်တရားစွဲကြောင်း မိသားစုဝင်တဦးက ပြောပါတယ်။

ပထမဆုံးအကြိမ် ရုံးထုတ်တရားစွဲဆိုတာဖြစ်ပြီး အရှင်ဂမ္ဘီရကို

တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁၊

မတရားသင်း ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊

အရေးပေါ် စီမံချက်အက်ဥပဒေ ပုဒ်မ ၅(ည)၊

လျှပ်စစ်ဥပဒေ၊

ဆူပူအောင်လှုံ့ဆော်မှု၊

ဗုဒ္ဓဘာသာ ညှိုးနွမ်းစေမှု၊

လူထုကိုအထိတ်တလန့်ဖြစ်စေမှု၊

စာနယ်ဇင်းဆိုင်ရာအမှု

စတဲ့အမှု ၁ဝ မှုနဲ့ တရားစွဲထားတယ်လို့ သိရ ကြောင်း အရှင်ဂမ္ဘီရရဲ့ အစ်မတော် မခင်သူဌေးက ပြောပါတယ်။

ရုံးထုတ်မယ့်အကြောင်း မိသားစုကို အာဏာပိုင်တွေက အသိမပေးကြောင်း၊ ရုံးထုတ်မယ့်ကိစ္စ ကြားလာတဲ့မိတ်ဆွေက ပြန်ပြောမှ သိရကြောင်း မခင်သူဌေးက ပြောပါတယ်။

“အဲဒါနဲ့ အတင်းလိုက်တာ။ အဲဒီကျမှ သိရတာ။ ကြိုပြီးပြောတာလည်း မဟုတ်ဘူး။”

အထူးရဲတွေကတားဆီးလို့ တရားရုံးကို မိသားစုဝင်တွေ ဝင်ရောက်ခွင့်မရဘဲ ရုံးထုတ်ပြီးမှ ဧည့် ချိန်ကျမှ အရှင်ဂမ္ဘီရကို တွေ့ခွင့်ရတာလို့ မခင်သူဌေးက ပြောပါတယ်။

အရှင်ဂမ္ဘီရနဲ့အတူ ရုံးထုတ်တရားစွဲခံရသူ ၁ဝ ဦးကတော့

အရှင်ဂမ္ဘီရရဲ့ အစ်ကိုတော် ကိုအောင်ကျော်ကျော်၊

မဂ္ဂင်ဆရာတော်၊

ဦးဣန္ဒြိယ ခေါ် ဦးဇင်းဂျောင်းဂျောင်း၊

ကိုသန်းနိုင်(တောင်တွင်းကြီး)၊

ကိုကျော်ကျော်နိုင်(မြစ်ခြေ)၊

မန္တလေးမြို့က ဦးကေလာသ၊

စာရေးဆရာမင်းဆက်(ဦးသုမန)၊

ဦးရွှေမောင်၊

ကိုဝဏ္ဏအောင် (မန္တလေး)နဲ့

တခြားတဦးတို့ဖြစ်ပါတယ်။

အရှင်ဂမ္ဘီရကို လာမယ့် ၂ဝ၊ ၂၇၊ ၂၈ ရက်နဲ့ စက်တင်ဘာ ၁ ရက်တို့မှာ ရုံးထပ်ချိန်းတယ်လို့ မခင်သူဌေးက ပြောပါတယ်။ ကျန်ပုဂ္ဂိုလ်များကို အများဆုံး ၅ မှုစီ တရားစွဲထားပြီး လာမယ့် ၂၇ ရက်မှာ ရုံးချိန်းထားပါ တယ်။

ရုံးထုတ်ရာမှာ အရှင်ဂမ္ဘီရကို လူဝတ်နဲ့ လက်ထိပ်ခတ်ခံနေရတာ တွေ့ရတဲ့အတွက် စိတ်မ ကောင်းဘူးလို့ အစ်မတော် မခင်သူဌေးက ပြောပါတယ်။

“ဦးဇင်းကတော့ ပြုံးပြုံးရွှင်ရွှင်ပဲ၊ မျှော်လင့်ပြီးသားပါတဲ့။”

အရှင်ဂမ္ဘီရရဲ့အမှု ဆက်လက်ဆောင်ရွက်ရေး ရှေ့နေတွေနဲ့တွေ့ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ထင်ရှားတဲ့ သံဃာ့ခေါင်းဆောင်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကို အာဏာပိုင်များက နိုဝင်ဘာ ၄ ရက် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်မှာ ဖမ်းဆီး ပါတယ်။

No comments: