8/27/08

ဦးဆောင်သံဃာ အရှင်ဂမ္ဘီရအမှု စတင်စစ်ဆေး

RFA 2008-08-27

ရန်ကုန်အင်းစိန်ထောင် သီးသန့်တရားရုံးမှာ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် သံဃာ အရှင်ဂမ္ဘီရ အပါအဝင် ရဟန်း၅ပါးနဲ့ လူ ၆ယောက် စုစုပေါင်း ဆယ့်တစ်ဦးကို သြဂုတ်လ ၂၇ရက် ဒီနေ့ ရုံးထုတ်ပြီး အမှုကြားနာပါတယ်။


အရှင်ဂမ္ဘီရကို အမှု ဆယ့်တစ်မှုနဲ့ စွဲဆိုထားပြီး ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ လူငယ်ရှေ့နေအဖွဲ့က ဦးဖိုးဖြူစတဲ့ ရှေ့နေတွေက စွဲဆိုခံရတဲ့ ပုဒ်မအလိုက် အမှုခွဲပြီး ခုခံချေပ လျှောက်လဲကြမှာ ဖြစ်ပါတယ်။

ဒီနေ့မှာ ဒေါပုံမြို့နယ်တရားသူကြီးက တရားခွင်မှာ အမှုလာရောက်ကြားနာပြီး တရားလိုကို စတင် စစ်ဆေးဖို့ ရုံးချိန်းပေးတယ်လို့ သိရပါတယ်။

တရားခွင်မှာ အရှင်ဂမ္ဘီရက သင်္ကန်းရုံခွင့် ရရှိရေးနဲ့ ပတ်သက်ပြီး မိန့်ကြားတယ်လို့ ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။

ရှေ့နေဦးဖိုးဖြူ။ ။ 'စတင်အဖမ်းခံရတဲ့နေ့က စပြီး ဒီနေ့ထိ သံဃာတွေဟာ သင်္ကန်းတွေ ဝတ်ခွင့်မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ ဥပဒေကြောင်းအရ ဆောင်ရွက်လို့ ရစရာရှိရင် ဆောင်ရွက်ပါလို့ ညွှန်ကြားတယ်။ ဒါကြောင့်မို့ အကျဉ်းထောင်လက်စွဲမှာရှိတဲ့ ပြဌာန်းချက်နဲ့ အညီ ကျွန်တော်တို့လျှောက်ထားပါတယ်။ အဲဒီလို လျှောက်ထားချက်နဲ့ ပတ်သက်ပြီး ၉လပိုင်း ၃ရက်နေ့မှာ ဒါကို ကျယ်ပြန့် လျှောက်လဲချက် ကြားနာမယ်ဆိုပြီးတော့ ဆက်လက်ပြီးတော့ ရုံးချိန်းပေးပါတယ်။'

သံဃာတွေဟာ အကျဉ်းထောင်ထဲမှာ သင်္ကန်းဝတ်ခွင့် ရှိတယ်လို့လည်း အကျဉ်းထောင်လက်စွဲက ဖော်ပြချက်တွေကို ကိုးကားပြီး ဦးဖိုးဖြူက ပြောပါတယ်။

ရှေ့နေဦးဖိုးဖြူ။ ။ 'ပြစ်ဒဏ်ကျပြီးတဲ့ ရဟန်းသံဃာ ဘုန်းကြီးတွေဟာ ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချထားမယ် ဆိုရင်တောင်မှပဲ သူတို့ကို ဧကသီ နှစ်ထည်၊ သင်းပိုင်သုံးထည် ပေးရမယ်၊ တခြားတခြားသော သံဃာ့ အသုံးအဆောင် ပစ္စည်းတွေ၊ ရဟန်း အသုံးအဆောင်ပစ္စည်းတွေ၊ ဘုရားသားတော်တွေ သုံးဆောင်တဲ့ပစ္စည်းတွေ ပေးရမယ်ဆိုတာမျိုးနဲ့ ပတ်သက်ပြီး ဥပဒေမှာ ညွှန်ပြချက်ရှိပါတယ်။ ဘုန်းကြီးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ သင်္ကန်းဝတ်ရုံခွင့် ရှိဖို့ဆိုပြီးတော့ အကျဉ်းထောင်လက်စွဲ စာပိုဒ် ၁ဝ၆၄၊ ၆၆၅၊ ၆၆၆ တို့မှာ ဒီအချက်တွေနဲ့ ပတ်သက်ပြီးတော့ အထင်အရှားပြဆိုထားပါတယ်။ ညွှန်ကြားထားပါတယ်။'

အရှင်ဂမ္ဘီရကို စွဲဆိုထားတဲ့ အမှုတွေထဲက ပုဒ်မ ၂၉၅ (က) သာသနာ ညှိုးနွမ်းစေမှုအတွက် လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးဖိုးဖြူက ပြောသွားတာပါ။

အရှင်ဂမ္ဘီရကို နေ့လည် ၁၂ နာရီလောက်မှာရုံးထုတ်တာဖြစ်ပြီး လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ်ချထားတယ်လို့ သိရပါတယ်။ တရားရုံးတွင်း ရုံးပြင် လုံခြုံရေးအင်အား ၄ဝ လောက် ချထားပြီး အနီရောင်လက်ပတ်တွေ ပတ်ထားသူတွေ လည်း ပါဝင်တယ်လို့ဆိုပါတယ်။

မိသားစုဝင်တွေကို တရားရုံးထဲ ဝင်ရောက်နားထောင်ခွင့် မပေးဘူးလို့ သိရပြီး၊ ရုံးချိန်အပြီးမှာမှ မိခင်ဖြစ်သူနဲ့ ခဏစကားပြောဆိုခွင့် ရတယ်လို့ သိရပါတယ်။ အရှင်ဂမ္ဘီရနဲ့အတူ အစ်ကိုဖြစ်သူ ပေါက်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ကိုအောင်ကျော်ကျော်ကိုလည်း ရုံးထုတ်ပါတယ်။ အရှင်ဂမ္ဘီရဟာ ကျန်းမာရေး ကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင်နေတယ်လို့ သိရပါတယ်။

တရားရုံးမှာ ရှေ့နေ ဦးဖိုးဖြူက သံဃာတော်တွေနဲ့ ပတ်သက်ပြီး ဥပဒေအရ သင်္ကန်းဝတ်ဆင်ခွင့်နဲ့ ပတ်သက်လို့ လျှောက်လဲခဲ့ပြီးနောက် သံဃာတော် ငါးပါးစလုံးက သာဓု အနုမောဓနာ သုံးကြိမ်တိုင်တိုင် ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

No comments: