9/20/08

RFA news

ဦးဂမ္ဘီရကို အင်းစိန်ထောင် သီးသန့်တရားရုံးမှာ စစ်ဆေး
RFA 2008-09-18
ပတ္တနိကုဇ္ဇနကံဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်တဲ့အချိန်မှာ ပြီးခဲတဲ့နှစ်က သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးဂမ္ဘီရကို စက်တင်ဘာ ၁၈ရက် ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

စွဲချက်ပေါင်း ၁၆ ချက်နဲ့ အမှုဖွင့် စွဲဆိုထားပြီး၊ အဲဒီအထဲက ၃ မှုကို ဒီကနေ့ စစ်ဆေးတာပါ။ ပထမ တမှုဖြစ်တဲ့ ပုဒ်မ ၂၉၅ က သာသနာကို ညှိုးနွမ်းအောင် လုပ်မှုနဲ့စစ်ဆေးတာလို့ သိရပါတယ်။
အဲဒီလို ဦးဂမ္ဘီရကို စွပ်စွဲထားတာနဲ့ ပတ်သက်ပြီး၊ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသက အခုလို အမိန့်ရှိပါတယ်။
ဦးသြဘာသ။ ။ 'ဦးဇင်း တိုတိုနဲ့ လိုရင်းကို ပြောရမယ်ဆိုရင်တော့ လုံးဝ မယူဆပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ သာသနာ ညှိုးနွမ်းမှုဆိုတဲ့ ပုဒ်မက ဒီနအဖ စစ်အစိုးရ လက်ထက်မှသာလျှင် သူတို့ကနေပြီးတော့ အကျယ်တဝင့် ဒီပုဒ်မကြီးကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ဦးဂမ္ဘီရတို့၊ ဦးဇင်းတို့ ဆိုတာက သာသနာတော်ကို ပျက်စီးရာ ပျက်စီးကြောင်း ကြံနေတာ မဟုတ်ပါဘူး။'
'ဦးဇင်းတို့ ဒီသာသနာတော်မှာ ထမ်းဆောင်နေတဲ့ ကာလပတ်လုံး ဒီမြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကိစ္စ အဝဝကို ဦးဇင်းတို့က မေတ္တာကို ရှေ့ထားပြီးတော့ ပြည်သူလူထုတွေ ကိုယ်စား ဦးဇင်းတို့ကနေပြီးတော့ ဒီနအဖ စစ်အစိုးရကို တောင်းဆိုပေးတာ ဖြစ်ပါတယ်။'
ဦးဂမ္ဘီရကို ဒီကနေ့ စစ်ဆေးတဲ့ အခြားအမှု ၂ ခုကတော့၊ ပုဒ်မ ၅ဝ၅ - ခ ဆူပူအောင် လှုံ့ဆော်မှုနဲ့ လျှပ်စစ်ပစ္စည်း တရားမဝင်ပိုင်ဆိုင်မှုစတဲ့ အမှုတွေအတွက် စစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။
ဦးဂမ္ဘီရရဲ့ အမှုကို ကြည့်မြင်တိုင်တရားရုံးက ကိုင်တွယ်စစ်ဆေးတာ ဖြစ်ပေမဲ့၊ အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးတာမဟုဘ်ပဲ၊ အင်းစိန်ထောင် အတွင်းက သီးသန့် တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။


No comments: