4/9/08

U Gambira's remark on Junta's constitution


အရှင်ဂမ္ဘီရက စစ်အစိုးရ၏ ဖွဲ့စည်းပုံကို ကန့်ကွက်
ဝ၈-ဝ၄-ဝ၈၊ အေးနိုင် DVB


မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု ခေါင်းဆောင် အရှင်ဂမ္ဘီရက နအဖရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကန့်ကွက်ကြောင်း ထောင်အာဏာပိုင်တွေကို မိန့်ကြားလိုက်တယ်လို့ အစ်မတော် မခင်သူဌေးက ပြောပါတယ်။
အင်းစိန်ထောင်အာဏာပိုင်တွေက အရှင်ဂမ္ဘီရကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်လို့ ဆွေး နွေးလိုကြောင်း လွန်ခဲ့တဲ့ ၁ဝ ရက်ခန့်က ချဉ်းကပ်ခဲ့ရာမှာ အခုလိုဖြေကြားလိုက်တာလို့ အရှင်ဂမ္ဘီရနဲ့ ထောင်ဝင်စာတွေ့ခဲ့တဲ့ မခင်သူဌေးက ပြောပါတယ်။
မတ် ၃၁ ရက် ယမန်ထပ်ယူရမယ့်ရက်မှာ မယူတဲ့အတွက် ပြောဆိုရာမှာ အဲဒီလိုပြောလိုက် တာလို့ ဆိုပါတယ်။
“ဒီ Referendum နဲ့ပတ်သက်ပြီးတော့လေ ဦးဇင်းတို့ကို အတင်းဆွေးနွေးခိုင်းတယ် တဲ့။ ဆွေး နွေးခွင့်တောင်းတယ်ပေါ့။ ဦးဇင်းကို ဆွေးနွေးခွင့်တောင်းတယ်။ ‘မင်းတို့ချမှတ်ထားတဲ့ အခြေခံဥပဒေတွေကို ငါက မထောက်ခံဘူးကွ။ အဲဒီတော့ ဆွေးနွေးစရာအကြောင်းမရှိဘူး’လို့ ပြောလိုက်တယ် တဲ့။ “သူတို့က ဒါဆိုရင်လည်း ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီးတော့ Yes or No တခုခုပေးပါ တဲ့။ မဟုတ်ပါဘူး တခုခုတော့ ပြောကိုပြောရမယ်ဆိုတော့ ဒါဆိုရင်လည်း No ပေါ့ကွလို့ ပြောလိုက် တယ်တဲ့။ ဦးဇင်းက ငါက Yes ဆိုရင်လည်းမင်းတို့က ထောက်ခံမှာ No ဆိုရင်လည်း မင်းတို့ Constitution ကို ထောက်ခံသလိုဖြစ်နေမှာမို့လို့ Yes လည်းမပြောနိုင်ဘူး No လည်း မပြောနိုင်ဘူး လို့ ပြောတယ်။ ”
အာဏာပိုင်တွေက အရှင်ဂမ္ဘီရကို ပုဒ်မ ၅(ည) အရေးပေါ်စီမံချက်အက်ဥပဒေပုဒ်မနဲ့ တရားစွဲ ထားပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်က ရမန်မယူဘဲ စစ်ကြောရေးပြန်ဝင်နေတယ်လို့ အရှင်ဂမ္ဘီရက မိန့် တယ်လို့ ဆိုပါတယ်။ ထောင်တွင်းမှာ အတင်းအကျပ် လူဝတ်လဲလိုက်တဲ့ သံဃာတော်တွေကို အာဏာပိုင်တွေက မှတ်ပုံတင်လုပ်ပေးတာကိုလည်း အရှင်ဂမ္ဘီရက ပယ်ချခဲ့ပြီး ကျန်သံဃာတွေအပေါ် အတင်းအကျပ် လုပ်ရင် အိုင်အယ်လ်အိုထံ တိုင်ကြားဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။
“ဘုန်းကြီးတွေကို လူမှတ်ပုံတင်လုပ်ခိုင်းတယ်တဲ့၊ အထဲမှာလေ။ ဦးဇင်းကလည်း သူ့မှာ သာသနာဝင် မှတ်တမ်း ရှိတယ်လို့ ပြောလိုက်တယ် တဲ့။ လုပ်စရာမလိုဘူးလို့ ပြောလိုက်တယ် တဲ့။ ဦးဇင်းက စိတ်ပူလို့တဲ့ သီးသန့်ဘက်က ဘုန်းကြီးတွေကို သွားပြီးတော့ ပြောပေးပါဦး တဲ့။ လူကြုံနဲ့ မှာပေးပါဦး တဲ့။ အရင်တပတ် တနင်္လာကတည်းက မှာခိုင်းတာ။ အတင်းအကျပ် လုပ်ခိုင်းသလားပေါ့။ အတင်းအကျပ် လုပ်ခိုင်းတယ် ဆိုရင်တော့ ဒါ အိုင်အယ်လ်အိုကနေ တိုင်ပေးဖို့ပေါ့။”
ထောင်တွင်း မေတ္တာပို့သ ဆုတောင်းဝတ်ပြုမှုကိုတော့ ပုံမှန် ဆက်လုပ်နေကြတယ် လို့လည်း မခင်သူဌေးက ပြောပါတယ်။ အရှင်ဂမ္ဘီရ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွန်ခဲ့တဲ့ လလယ်ပိုင်းကစလို့ ထောင်ဝင်စာ လွတ်လွတ်လပ်လပ် တွေ့ခွင့်မပေးဘဲ တဦးနဲ့တဦး မှန်ကာထားပြီး အစောင့်အရှောက်တွေအောက်မှာ တယ်လီဖုန်းနဲ့သာ စကားပြောခွင့်ပေးတယ်လို့ မခင်သူဌေးက ပြောပါတယ်။



အရှင်ဂမ္ဘီရဟာ မနှစ်က စက်တင်ဘာ သံဃာဆန္ဒပြပွဲမှာ ထင်ရှားတဲ့ သံဃာခေါင်းဆောင်တပါး ဖြစ်ပါတယ်။ ဆန္ဒပြပွဲနောက်ပိုင်း တိမ်းရှောင်နေရာက မန္တလေးတိုင်း စဥ့်ကိုင်မြို့မှာ အဖမ်းခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခံရကာ တရားစွဲခံနေရတာဖြစ်ပါတယ်။

No comments: