4/23/08

အရှင်ဂမ္ဘီရအား လွတ်လပ်စွာ ပြောဆိုခွင့်ဆုချီးမြှင့်

RFA 2008-04-23

(photo; http://www.ko-htike.blogspot.com/ )

စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးရဲ့ ဦးဆောင် သံဃာတပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကို ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ Index on Censorship မဂ္ဂဇင်းအဖွဲ့ကြီးကနေ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆုကို ဧပြီ ၂၂ရက် အင်္ဂါနေ့က ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုကို လန်ဒန်မြို့က သာသနာ့ရံသီ ကျောင်းတိုက်က ဆရာတော် ဦးဥတ္တရက လက်ခံရယူခဲ့ပါတယ်။ ဒီဆုဟာ မြန်မာစစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ လွတ်လွတ်လပ်လပ် ကိုယ့်ဆန္ဒကို ထုတ်ဖော် ပြောဆိုခွင့်ရဖို့အတွက် အနစ်နာခံ တိုက်ပွဲဝင်နေသူတွေကို နိုင်ငံတကာကနေ ဂုဏ်ပြု ချီးမြှင့်လိုက်တာပါ၊၊

အထူးသဖြင့် ပြည်သူတွေ စားဝတ်နေရေး ကျပ်တည်းနေတာကို ဖြေရှင်းပေးဖို့ စစ်အစိုးရကို တောင်းဆိုတဲ့အနေနဲ့ မြန်မာသံဃာတော်တွေဟာ ဘုန်းကြီးကျောင်းတွေကနေ လမ်းမတွေ ပေါ်ထွက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ကြတာကို ကမ္ဘာ့ပြည်သူတွေ တအံတသြ ဖြစ်ခဲ့ကြပါတယ်။

အခုလို သံဃာတော်တွေကို ဆုချီးမြှင့်တဲ့အတွက် အားတက်ခဲ့ရပြီးတော့ မြန်မာပြည် ဒီမိုကရေစီရေးအတွက် ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဆုကို ကိုယ်စားလက်ခံယူခဲ့တဲ့ လန်ဒန်မြို့ သာသနာ့ရံသီ ဝိဟာရ ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက အခုလို မိန်ကြားပါတယ်။

ဦးဥတ္တရ။ ။ 'မြန်မာပြည်မှာ ရှိနေတဲ့ သံဃာတော်တွေ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းကြတဲ့ ဒီလုပ်ငန်းတခုကလေးတင်တောင်မှ ကမ္ဘာ့ ပြည်သူပြည်သားတွေက အားလုံး
သနားကြင်နာပြီး
လူသားချင်း စာနာတဲ့အတွက်ကြောင့် အားပေးကြသေးတယ်ဆိုလို့ရှိရင် လူသားအားလုံးအတွက် အထူးသဖြင့် မြန်မာနိုင်ငံမှာ ဆင်းရဲဒုက္ခရောက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီသံဃာတော်တွေကနေ ဦးဆောင်ပြီး ဒီပုဂ္ဂိုလ်တွေအတွက်ကို ရဲရဲဝံ့ဝံ့နဲ့ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရအောင် ကြိုးပမ်းခဲ့ကြတာဟာ ကမ္ဘာ့ပြည်သူပြည်သားတွေကပါ ဒီလို အားပေးနေပါကလားဆိုတာကို ဘုန်းကြီးတို့ စိတ်ထဲမှာ အဲဒီလို ခံစားမိပြီးတော့ ဘုန်းကြီးတို့ရဲ့ လုပ်ငန်းဟာ ဒို့လှုပ်ရှားနေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲဟာ မုချ အောင်ရမယ်ဆိုတာကိုတော့ စိတ်ထဲမှာ ထက်ထက်သန်သန်နဲ့ တကယ့်ကို ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။'


Index on Censhoship မဂ္ဂဇင်းအဖွဲ့ကြီးကနေ နိုင်ငံတကာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်နေသူတွေကို နှစ်စဉ်ချီးမြှင့်တာဖြစ်ပါတယ်။


No comments: