3/21/08

ထောင်ထဲမှာ ထပ်ပြီးထောင်ကျနေရကြောင်း အရှင်ဂမ္ဘီရမိန့်ကြား

RFA 2008.03.21

အာဏာပိုင်တွေ ဖမ်းဆီးထားတဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ဆရာတော်ဖြစ်တဲ့ အရှင်ဂမ္ဘီရဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့ကစပြီး အင်းစိန်ထောင်မှာ တိုက်ပိတ်ခံနေရတာ၊ ခုဆို သီတင်း တပတ်ရှိသွားပြီ ဖြစ်ပါတယ်။


ထောင်သတင်းရပ်ကွက်က စုံစမ်းသိရတာကတော့ ထောင်တွင်း မှာ မေတ္တာပို့ ဆုတောင်းတာကြောင့် တိုက်ပိတ်ခံရတာဖြစ်တယ်လို့ သိရ ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရှင်ဂမ္ဘီရက မိမိဟာ ထောင်ထဲမှာတင် ထောင်ထပ်ပြီး ချခံနေရတာဖြစ်တယ်လို့ မိန့်ကြားခဲ့ကြောင်း ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ညီမဖြစ်သူ မခင်ဌေးသူက ပြောပြပါတယ်။


အရှင်ဂမ္ဘီရနဲ့ အတူ အဖမ်းခံနေရတဲ့ သံဃာတော်တွေ ဟာ ထောင်ထဲမှာ စုပေါင်းပြီး မေတ္တာပို့ အမျှအတန်းဝေတာမျိုး တွေကို ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။


အခုလို တိုက်ပိတ်ခံနေရတာကြောင့် ဆွမ်းကပ်မဲ့သူမရှိဖြစ်နေတယ်လို့ အရှင်ဂမ္ဘီရက မိန့်ကြား ကြောင်း ညီမဖြစ်သူ ကပြောပါတယ်။ အရှင်ဂမ္ဘီရနဲ့ တကွ အဖမ်းခံနေရတဲ့ သံဃာတော်တွေ အားလုံး လူဝတ်လဲတာခံထားရပေမဲ့ မိမိကိုယ်မိမိ ရဟန်းအဖြစ်ခံယူထားဆဲ ဖြစ်သလို သပိတ်ကံဆောင် နေဆဲလဲဖြစ်တယ်လို့ သိရပါတယ်။


အခုချိန်ထိ အရှင်ဂမ္ဘီရကို ရမန်နှစ်ကြိမ်ယူပြီး ဖြစ်ပေမဲ့ ခုချိန်ထိ ရုံးထုတ်ခြင်းမရှိသေးဘူးလို့ ညီမဖြစ်သူကပြောပါတယ်။ ဒါ့အပြင် ရှေ့နေဖြစ်သူ ဦးညီညီလှိုင်က အမှုသည်ကို တွေ့ဆုံခွင့် တောင်းခံတာ သုံးလေးကြိမ်ရှိပြီဖြစ်ပေမဲ့ တွေ့ခွင့်မရသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

No comments: