3/18/08

သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရ တိုက်ပိတ်ခံနေရ

အေးနိုင် DVB၊ ၁၈-ဝ၃-ဝ၈
အင်းစိန်ထောင်အာဏာပိုင်တွေက မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရ ကို အင်းစိန်သီးသန့်ထောင်ကနေ အခုလ ၁၄ ရက်ညနေမှာ ထောင်မကြီးဘက်ကိုရွှေ့ပြီး တိုက်ပိတ် ထားတယ်လို့ အရှင်ဂမ္ဘီရနဲ့ မနေ့ကတွေ့ပြီး ပြန်လာတဲ့ အစ်မတော် မခင်သူဌေးက ပြောပါတယ်။

“မနေ့က သွားတယ်ဗျ။ ထောင်မကြီးဘက်ကို ရောက်သွားပြီ။ ၁၄ ရက်နေ့ညနေ ငါးနာရီခွဲက ရွှေ့လိုက်တယ်တဲ့။ ပြီးတော့ တိုက်ပိတ်ထားတယ်။ ထောင်မကြီးဘက်မှာ အဆောင် (၁) အခန်းနံပါတ် (၄)။

ဦးဇင်း ‘တပါးတည်းပဲနေရတာလား၊ ဘယ်သူတွေနဲ့အတူတူရှိတာလဲ’ ဆိုတော့ ‘တပါးတည်းပဲ။ တပါးတည်းခေါ်လာတာ။ ထောင်ထဲမှာ ထောင်ထပ်ကျတာပေါ့ဗျာ’တဲ့။

ဒါဆို ‘တိုက်ပိတ်ထားတာ လား’ဆိုတော့ ‘ဟုတ်တယ်၊ ပြောလို့ရတယ်’တဲ့။ လေးဘက်လေးတန် နံရံတွေပဲရှိတယ်ပြောတာကိုး။”

ဘာအကြောင်းကြောင့် တိုက်ပိတ်တယ်ဆိုတာကို အရှင်ဂမ္ဘီရကိုယ်တိုင် မသိရဘူးလို့ သူက ဆက်ပြောပါတယ်။ အရှင်ဂမ္ဘီရအပေါ် တရားစွဲထားတဲ့အမှု ၃ ခုအနက် အလုံမြို့နယ်တရားရုံးက စွဲဆိုထားတဲ့ ၁၃/၁ နဲ့ ၁၇ /၁ က ရမန်မယူတော့တဲ့အတွက် ပျက်ပြယ်တဲ့သဘောလို့ ယူဆရမလိုဖြစ်နေတယ်လို့ မခင်သူဌေးက ပြောပါတယ်။

လှိုင်မြို့နယ်တရားရုံးကစွဲဆိုတဲ့ အရေးပေါ်စီမံချက်အက်ဥပဒေ ပုဒ်မ ၅(ည) ကတော့ အတည် ဖြစ်ပြီး လှိုင်မြို့နယ်တရားရုံးမှာ မနေ့က ရုံးချိန်းသတ်မှတ်ပေမယ့် မထုတ်ဖြစ်ဘူးလို့ မခင်သူဌေးက ပြော ပါတယ်။ ယခင်က အရှင်ဂမ္ဘီရကို ထောင်ဝင်စာတွေ‹စဉ် အနီးကပ် စကားပြောခွင့်ရပေမယ့် မနေ‹က သွားတွေ့ရာမှာတော့ မှန်ကာထားတဲ့အတွက် ဖုန်းနဲ့ပဲစကားပြောခွင့်ရတယ်လို့ မခင်သူဌေးက ပြောပါ တယ်။ အရှင်ဂမ္ဘီရရဲ့မှာကြားချက်ကို မခင်သူဌေးက ပြောပြပါတယ်။

“ဦးဇင်းက မှာလိုက်သေးတယ်။ သူတို့အထဲက ‘သံဃာတော်တွေအားလုံးက မေတ္တာပို့သဆဲ ပဲ၊ ကံဆောင်ဆဲပဲ။ အားလုံးက တက်ကြွနိုးကြား လတ်ဆတ်နေကြဆဲပါပဲ။ အပြင်ကလူတွေပဲ ဆက်လုပ် ကြ’ ဖို့ ပြောလိုက်တယ်။”

အရှင်ဂမ္ဘီရဟာ မနှစ်ကစက်တင်ဘာ သံဃာ့အရေးတော်ပုံကာလမှာ ထင်ရှားတဲ့ သံဃာ့ခေါင်းဆောင်တပါး ဖြစ်ပြီး မနှစ်က နိုဝင်ဘာ ၄ ရက်မှာ မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်မှာ ဖမ်းဆီးခံရပါတယ်။

No comments: