10/2/08

no justic in the court: U Gambira's lawyer

အရှင်ဂမ္ဘီရ တရားရုံး မျှတမှုမရှိဟု ရှေ့နေပြောကြား
Thursday, 02 October 2008 07:00 ကိုစိုး irrawaddy

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင် သံဃာတော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် ၁၁ ဦး အမှုကို ယမန်နေ့က အင်းစိန်ထောင် သီးသန့်ရုံး၌ ရုံးထုတ်ရာတွင် ယင်းတရားရုံး၏ လုပ်ထုံးလုပ်နည်းမှာ တရား မျှတမှု မရှိသော ကြောင့် ၎င်း၏ ရှေ့နေပါဝါကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။


အင်းစိန်ထောင်အတွင်းရှိ အလုံမြို့နယ် သီးသန့် တရားရုံး၌ ယမန် နေ့က အဆိုပါအမှုအား ရုံးထုတ်ရာတွင် တရားလိုများဘက်မှ ရုံးချိန်း ၂ ချိန်းအထိ စတင်ယူခဲ့ပြီး စာမျက်နှာ ၁၃ မျက်နှာခန့်အမှုတွဲအား တင်သွင်းစွဲဆိုခဲ့ကြောင်း၊ ရှေ့နေကြီး ဦးအောင်သိန်းက တရားခံများ ဘက်မှ ခုခံချေပရန်အတွက် ယင်းအမှုတွဲကူးယူရန်နှင့် ဖတ်ရှုညှိနှိုင်းရန် အချိန် မလုံလောက် သဖြင့် တရားရုံးသို့ ရုံးချိန်းထပ်မံရွှေ့ဆိုင်းပေးရန် တောင်းဆိုသည်ကို တရားရုံးက ခွင့်မပြုခဲ့ ကြောင်း၊ ထို့ကြောင့် ယခု အမှုကို လိုက်ပါ အကျိုးဆောင်နေခြင်းမှ ရပ်ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း သိရသည်။

“အဓိကကတော့ Fair Trial မဖြစ်တာ၊ တရားမမျှတတာ၊ တရားလို ကိုယ်တိုင်က ရုံးချိန်း၂ ချိန်းယူတယ်၊ တရားလိုက သူ ထွက်ချက်တွေ ပေးရတာ၊ ၁၃ မျက်နှာလောက်ရှိတယ်ဗျာ၊ ကွန်ပျူတာနဲ့ စီထားတာ၊ နောက် သူတို့ စပြီး ထွက်တာ၊ ကျုပ်တို့ ကျတော့ မိတ္တူကူးဖို့ ကျတော့ အချိန်မရွေး ထုတ်မပေးဘူး၊ အဲဒီတော့ ဘာမှကြို မသိရဘူး၊ နောက် အမှုသည်နဲ့ ကြိုပြီး ညှိနှိုင်းမှုတွေ ဘာမှရတာမဟုတ်ဘူး၊ အမှုတွဲ ကူးလို့မရရင် အမှုသည်နဲ့ ကြိုတင် ညှိနှိုင်းလို့ မရနိုင်ဘူး၊ ဒီလို အခြေအနေ မျိုးမှာ အဲဒီ ပြဿနာတွေပေါ်ပေါက်ရင် ကျနော်တို့က ဘယ်လိုလုပ်မလဲ၊ ကျနော်က ထွက်ရတော့မှာပေါ့၊ အဲဒီ သဘောပဲ”ဟု ဦးအောင်သိန်းက ဧရာဝတီသို့ ပြောဆိုသည်။

ယင်းအမှုအတွက် ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က အင်းစိန်ထောင် အလုံမြို့နယ် သီးသန့် တရားရုံး၌ တရားလိုများ ကို စတင် စစ်ဆေးခြင်းဖြစ်ပြီး ယမန်နေ့ကပါ ဆိုလျင် ရုံးချိန်း၂ ချိန်းရှိပြီဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

ယမန်နေ့က အရှင်ဂမ္ဘီရအပါအ၀င် ကိုအောင်ကျော်၊ ဦးအိန္ဒက၊ ဦးအိန္ဒြိယ၊ ဦးသုမန၊ ကိုအောင်ကျော်ကျော်၊ ကိုကျော်ကျော်နိုင်၊ ဦးသန်းနိုင်၊ ဦးရွှေမောင်း၊ ကိုဝဏ္ဏအောင်၊ ဦးဇော်ဝင်း စသည့် ၁၁ ဦးကို ၁၂၄(က)၊ ၅၀၅(ခ) ပုဒ်မအရ အစိုးရကိုအကြည်ညိုပျက်စေမှု သို့မဟုတ် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေမှု ၊၂၉၅ (က) ပုဒ်မအရ သာသနာတော် ညှိုးနွမ်းစေမှု တို့အတွက်ရုံးထုတ်ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးအောင်သိန်းက ဆက်လက်ပြီး“သူတို့က ဦးတိုက်လျှောက် တရားစွဲဆိုတာ၊ အဲဒါ အမှုတွဲကို ရုံးရှေ့မှာဖတ်တယ်၊ ပြီးသွားတဲ့ အခါကျတော့ ကျနော်ကတရားရုံးကိုတောင်းတယ်၊ နောက်တချိန်း ပေးပါ၊ ဒီမှာပါတဲ့ အကြောင်း အရာတွေမေးရမြန်းရဦး မယ်၊ မေးပြီးတော့မှ ကျနော်တို့ကလုပ်ရမှာ၊ ဘုန်းကြီးကလည်း ၅ ပါးလောက်ပါနေတယ်၊ ကျနော်က အဲဒါတွေ ရှင်းပြပြီး ရုံးချိန်း ထပ်တောင်းတာကို ခွင့်မပြုဘူး၊ အခုစစ်ခိုင်းတယ်၊ ဒါကြောင့် ကျနော့်ပါဝါ ပြန်ရုပ်သိမ်း လိုက်တာ၊ ဘယ်သူ့ကိုမှ မလွှဲဘူး၊ ကျနော်ဆက်ပြီးတော့ လိုက်စရာအကြောင်း မပေါ်ပေါက်တော့ ဘူး၊ ရှေ့နေနဲ့ အမှုသည်ရဲ့ကျင့်စဉ်အရ အမှုသည် ကရပ်ပါဆို လိုက်နေရင်းက ထွက်ပေးလိုက်ရတယ်၊ ရှေ့နေက လည်း သူမလိုက် တော့ဘူးဆို အမှုသည်ကို သဘောပေါက် အောင်ရှင်းပြပြီးတော့ သဘောတူတယ် ဆိုရင် ပါဝါ ရုပ်သိမ်းတယ် ဒါပဲ”ဟု ပြောဆိုသည်။

ထိုသို့ တရားခွင်၌ တရားမျှတမှု မရှိသည့်အတွက် ရှေ့နေကြီးဦးအောင်သိန်းက ၎င်း၏ ရှေ့နေပါဝါ ပြန်လည် ရုပ်သိမ်းလိုက် ရာ လတ်တလောတွင် ယင်းအမှုအား မည်သည့် ရှေ့နေက ဆက်လက်အကျိုးဆောင်ပေးမည်ကို မသိရှိရသေးပေ။

အရှင်ဂမ္ဘီရကို တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု ၊ အီလက်ထရွန်းနစ် ဥပဒေ၊ လူထုကို အထိတ် တလန့်ဖြစ်စေမှု၊ ဘာသာသာသနာ ညှိုးနွမ်းစေသည့် ပုဒ်မ၂၉၅(က)၊ အရေးပေါ် စီမံချက်အက်ဥပဒေ ၅(ည)၊ အသင်းအဖွဲ့ ပုဒ်မ (၆)၊ လဝက ဥပဒေ ၁၃/၁၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူ ၅ ဦး ထက်ပိုစုစည်းမှု၊ တရားမ၀င် ပုံနှိပ်ထုတ်ဝေမှု ၁၇/၂၀ စသည့် ပုဒ်မ များဖြင့် စွဲဆိုထားကြောင်းလည်း သိရသည်။

လွန်ခဲ့သည့်သြဂုတ်လ ၂၀ ရက်နေ့ကလည်း အရှင်ဂမ္ဘီရအား အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ အမှုနှင့် ပတ်သက်ပြီး အင်းစိန်ထောင် အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သေးသည်။

အရှင်ဂမ္ဘီရအား သြဂုတ်လ ၁၈ ရက်နေ့ က ပထမဆုံးအကြိမ် ရုံးထုတ်ရာတွင် မဂ္ဂင်ဆရာတော် ဦးအိန္ဒက၊ ဦးကေသလ (မန္တလေး)၊ ဦးသုမန (စာရေးဆရာ မင်းဆက်) အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များဖြစ်သော ကိုရွှေမောင်း(မန္တလေး)၊ ကိုဝဏ္ဏအောင် (မန္တလေး)၊ ကိုသန်းနိုင် (တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင် စသည် တို့ကိုလည်း ရုံးအတူ ထုတ်ခဲ့သည်။


အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Read More...

9/23/08

U Gambira is sick in priosn

ရုံးထုတ်စဉ် အရှင် ဂမ္ဘီရ နေမကောင်းဖြစ်
ဇာနည်/ mizzima dot com
အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 14:58 - မြန်မာစံတော်ချိန်

တရားရုံးထုတ် စစ်ဆေးခြင်း ခံနေရသော အရှင်ဂမ္ဘီရသည် မလန်းမဆန်း ဖြစ်နေသည်ဟု သူ၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးခင်မောင်ရှိန် အပြောအရ သိရသည်။

စက်တင်ဘာ သံဃာ လှုပ်ရှားမှုတွင် ဦးဆောင် ပါဝင်ခဲ့သော အရှင်ဂမ္ဘီရကို တင်္နလာနေ့ နံနက်က ရုံးထုတ် စစ်ဆေးချိန်တွင် အရှင်ဂမ္ဘီရမှာ နေထိုင်မကောင်း ဖြစ်နေခြင်း ဖြစ်သည်။

"အစာ အဆိပ်သင့်သလို ဖြစ်နေတယ်။ မနက်က အန်ထားတာ ၃ ခါ ရှိသွားပြီ တကာ၊ အနံ့အသက်တွေ ဆိုးနေတော့ အားတော့ နာပါတယ် တကာ" ဟု သူ့အား မိန့်ကြောင်း ရှေ့နေက မဇ္ဈိမကို ပြောသည်။

အမှုကြားနာနေစဉ် အချိန်တွင် အရှင်ဂမ္ဘီရမှာ မောပန်းနွမ်းနယ်နေပြီး မှိန်းနေသည်။

"သူ့ ညီမတွေက ပါလာတဲ့ ပရုတ်ဆီတွေ ပေးရှုတာ၊ ခြေတွေ လက်တွေ လိမ်းပေး ဆုပ်နယ်ပေးနေတာပဲ တွေ့ခဲ့ရတယ်" ဟု ရှေ့နေက ပြောသည်။

"ဘယ်တုန်းက ဘာစားမိလို့ ဘယ်လို ဖြစ်ရတယ် ဆိုတာကို လုံးဝ မသိခဲ့ရပါဘူး။ အစားမှားပြီး ဖြစ်တာ ထင်တယ်လို့ပဲ သူက မိန့်တယ်"

အတင်းအကြပ် ရဟန်းဝတ် ချွတ်ချခြင်း ခံထားရပြီး လက်ထိပ်ခတ် ခံထားရသော အရှင်ဂမ္ဘီရကို စွဲတင်ထားသည့် ပုဒ်မများမှာ လဝက ဥပဒေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃၊၁၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁)၊ အသင်းအဖွဲ့ ပုဒ်မ ၆၊ နိုင်ငံတော်ကို ဆူပူမှုကို လှုံ့ဆော်မှု ၅ဝ၅(ခ)၊ ဘာသာတရားကို ညိုးနွမ်းစေမှု ၂၉၅ (က)၊ ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု ၁၄၅၊ ၁၄၇၊ ပုံနှိပ်အက်ဥပဒေ ၁၇/၂ဝ နှင့် အီလက်ထရောနစ် ဥပဒေ ၃၃ (က)/၃၈ တို့ ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ဦးဆောင်ခဲ့သူ အရှင်ဂမ္ဘီရသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ (အိန္ဒိယ) မှ ချီးမြှင့်သော ဆရာတော် ဦးရေဝတ အမှတ်တရ ငြိမ်းချမ်းရေးဆုနှင့် လန်ဒန်အခြေစိုက် Index on Censorship အဖွဲ့ကြီးက ချီးမြှင့်သော "လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဆု ၂ဝဝ၈" တို့ကို ရရှိထားသူ ဖြစ်သည်။

ထိုနေ့တနေ့ထဲတွင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် ၂၁ ဦးကိုလည်း ရုံးထုတ်ခဲ့သေးသည်။ ကိုမင်းကိုနိုင် အပါအ၀င် ၂၁ ဦးတို့မှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီး အမှုကြားနာရာသို့ မိသားစုဝင်များလည်း ၀င်ရောက် နားထောင်ခွင့်များ ရခဲ့သည်ဟု ရှေ့နေက ပြောသည်။


Read More...

9/20/08

RFA news

ဦးဂမ္ဘီရကို အင်းစိန်ထောင် သီးသန့်တရားရုံးမှာ စစ်ဆေး
RFA 2008-09-18
ပတ္တနိကုဇ္ဇနကံဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး တနှစ်ပြည့်တဲ့အချိန်မှာ ပြီးခဲတဲ့နှစ်က သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးဂမ္ဘီရကို စက်တင်ဘာ ၁၈ရက် ဒီကနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

စွဲချက်ပေါင်း ၁၆ ချက်နဲ့ အမှုဖွင့် စွဲဆိုထားပြီး၊ အဲဒီအထဲက ၃ မှုကို ဒီကနေ့ စစ်ဆေးတာပါ။ ပထမ တမှုဖြစ်တဲ့ ပုဒ်မ ၂၉၅ က သာသနာကို ညှိုးနွမ်းအောင် လုပ်မှုနဲ့စစ်ဆေးတာလို့ သိရပါတယ်။
အဲဒီလို ဦးဂမ္ဘီရကို စွပ်စွဲထားတာနဲ့ ပတ်သက်ပြီး၊ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသက အခုလို အမိန့်ရှိပါတယ်။
ဦးသြဘာသ။ ။ 'ဦးဇင်း တိုတိုနဲ့ လိုရင်းကို ပြောရမယ်ဆိုရင်တော့ လုံးဝ မယူဆပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီ သာသနာ ညှိုးနွမ်းမှုဆိုတဲ့ ပုဒ်မက ဒီနအဖ စစ်အစိုးရ လက်ထက်မှသာလျှင် သူတို့ကနေပြီးတော့ အကျယ်တဝင့် ဒီပုဒ်မကြီးကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ဦးဂမ္ဘီရတို့၊ ဦးဇင်းတို့ ဆိုတာက သာသနာတော်ကို ပျက်စီးရာ ပျက်စီးကြောင်း ကြံနေတာ မဟုတ်ပါဘူး။'
'ဦးဇင်းတို့ ဒီသာသနာတော်မှာ ထမ်းဆောင်နေတဲ့ ကာလပတ်လုံး ဒီမြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခကိစ္စ အဝဝကို ဦးဇင်းတို့က မေတ္တာကို ရှေ့ထားပြီးတော့ ပြည်သူလူထုတွေ ကိုယ်စား ဦးဇင်းတို့ကနေပြီးတော့ ဒီနအဖ စစ်အစိုးရကို တောင်းဆိုပေးတာ ဖြစ်ပါတယ်။'
ဦးဂမ္ဘီရကို ဒီကနေ့ စစ်ဆေးတဲ့ အခြားအမှု ၂ ခုကတော့၊ ပုဒ်မ ၅ဝ၅ - ခ ဆူပူအောင် လှုံ့ဆော်မှုနဲ့ လျှပ်စစ်ပစ္စည်း တရားမဝင်ပိုင်ဆိုင်မှုစတဲ့ အမှုတွေအတွက် စစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။
ဦးဂမ္ဘီရရဲ့ အမှုကို ကြည့်မြင်တိုင်တရားရုံးက ကိုင်တွယ်စစ်ဆေးတာ ဖြစ်ပေမဲ့၊ အများပြည်သူ ရှေ့မှောက်မှာ စစ်ဆေးတာမဟုဘ်ပဲ၊ အင်းစိန်ထောင် အတွင်းက သီးသန့် တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။


Read More...

8/27/08

ဦးဆောင်သံဃာ အရှင်ဂမ္ဘီရအမှု စတင်စစ်ဆေး

RFA 2008-08-27

ရန်ကုန်အင်းစိန်ထောင် သီးသန့်တရားရုံးမှာ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် သံဃာ အရှင်ဂမ္ဘီရ အပါအဝင် ရဟန်း၅ပါးနဲ့ လူ ၆ယောက် စုစုပေါင်း ဆယ့်တစ်ဦးကို သြဂုတ်လ ၂၇ရက် ဒီနေ့ ရုံးထုတ်ပြီး အမှုကြားနာပါတယ်။


အရှင်ဂမ္ဘီရကို အမှု ဆယ့်တစ်မှုနဲ့ စွဲဆိုထားပြီး ရှေ့နေကြီး ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်၊ လူငယ်ရှေ့နေအဖွဲ့က ဦးဖိုးဖြူစတဲ့ ရှေ့နေတွေက စွဲဆိုခံရတဲ့ ပုဒ်မအလိုက် အမှုခွဲပြီး ခုခံချေပ လျှောက်လဲကြမှာ ဖြစ်ပါတယ်။

ဒီနေ့မှာ ဒေါပုံမြို့နယ်တရားသူကြီးက တရားခွင်မှာ အမှုလာရောက်ကြားနာပြီး တရားလိုကို စတင် စစ်ဆေးဖို့ ရုံးချိန်းပေးတယ်လို့ သိရပါတယ်။

တရားခွင်မှာ အရှင်ဂမ္ဘီရက သင်္ကန်းရုံခွင့် ရရှိရေးနဲ့ ပတ်သက်ပြီး မိန့်ကြားတယ်လို့ ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။

ရှေ့နေဦးဖိုးဖြူ။ ။ 'စတင်အဖမ်းခံရတဲ့နေ့က စပြီး ဒီနေ့ထိ သံဃာတွေဟာ သင်္ကန်းတွေ ဝတ်ခွင့်မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့ ဥပဒေကြောင်းအရ ဆောင်ရွက်လို့ ရစရာရှိရင် ဆောင်ရွက်ပါလို့ ညွှန်ကြားတယ်။ ဒါကြောင့်မို့ အကျဉ်းထောင်လက်စွဲမှာရှိတဲ့ ပြဌာန်းချက်နဲ့ အညီ ကျွန်တော်တို့လျှောက်ထားပါတယ်။ အဲဒီလို လျှောက်ထားချက်နဲ့ ပတ်သက်ပြီး ၉လပိုင်း ၃ရက်နေ့မှာ ဒါကို ကျယ်ပြန့် လျှောက်လဲချက် ကြားနာမယ်ဆိုပြီးတော့ ဆက်လက်ပြီးတော့ ရုံးချိန်းပေးပါတယ်။'

သံဃာတွေဟာ အကျဉ်းထောင်ထဲမှာ သင်္ကန်းဝတ်ခွင့် ရှိတယ်လို့လည်း အကျဉ်းထောင်လက်စွဲက ဖော်ပြချက်တွေကို ကိုးကားပြီး ဦးဖိုးဖြူက ပြောပါတယ်။

ရှေ့နေဦးဖိုးဖြူ။ ။ 'ပြစ်ဒဏ်ကျပြီးတဲ့ ရဟန်းသံဃာ ဘုန်းကြီးတွေဟာ ပြစ်မှုထင်ရှားလို့ ပြစ်ဒဏ်ချထားမယ် ဆိုရင်တောင်မှပဲ သူတို့ကို ဧကသီ နှစ်ထည်၊ သင်းပိုင်သုံးထည် ပေးရမယ်၊ တခြားတခြားသော သံဃာ့ အသုံးအဆောင် ပစ္စည်းတွေ၊ ရဟန်း အသုံးအဆောင်ပစ္စည်းတွေ၊ ဘုရားသားတော်တွေ သုံးဆောင်တဲ့ပစ္စည်းတွေ ပေးရမယ်ဆိုတာမျိုးနဲ့ ပတ်သက်ပြီး ဥပဒေမှာ ညွှန်ပြချက်ရှိပါတယ်။ ဘုန်းကြီးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ သင်္ကန်းဝတ်ရုံခွင့် ရှိဖို့ဆိုပြီးတော့ အကျဉ်းထောင်လက်စွဲ စာပိုဒ် ၁ဝ၆၄၊ ၆၆၅၊ ၆၆၆ တို့မှာ ဒီအချက်တွေနဲ့ ပတ်သက်ပြီးတော့ အထင်အရှားပြဆိုထားပါတယ်။ ညွှန်ကြားထားပါတယ်။'

အရှင်ဂမ္ဘီရကို စွဲဆိုထားတဲ့ အမှုတွေထဲက ပုဒ်မ ၂၉၅ (က) သာသနာ ညှိုးနွမ်းစေမှုအတွက် လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေ ဦးဖိုးဖြူက ပြောသွားတာပါ။

အရှင်ဂမ္ဘီရကို နေ့လည် ၁၂ နာရီလောက်မှာရုံးထုတ်တာဖြစ်ပြီး လုံခြုံရေးတွေလည်း တင်းတင်းကျပ်ကျပ်ချထားတယ်လို့ သိရပါတယ်။ တရားရုံးတွင်း ရုံးပြင် လုံခြုံရေးအင်အား ၄ဝ လောက် ချထားပြီး အနီရောင်လက်ပတ်တွေ ပတ်ထားသူတွေ လည်း ပါဝင်တယ်လို့ဆိုပါတယ်။

မိသားစုဝင်တွေကို တရားရုံးထဲ ဝင်ရောက်နားထောင်ခွင့် မပေးဘူးလို့ သိရပြီး၊ ရုံးချိန်အပြီးမှာမှ မိခင်ဖြစ်သူနဲ့ ခဏစကားပြောဆိုခွင့် ရတယ်လို့ သိရပါတယ်။ အရှင်ဂမ္ဘီရနဲ့အတူ အစ်ကိုဖြစ်သူ ပေါက်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ကိုအောင်ကျော်ကျော်ကိုလည်း ရုံးထုတ်ပါတယ်။ အရှင်ဂမ္ဘီရဟာ ကျန်းမာရေး ကောင်းမွန်ပြီး စိတ်ဓာတ်ကြံ့ခိုင်နေတယ်လို့ သိရပါတယ်။

တရားရုံးမှာ ရှေ့နေ ဦးဖိုးဖြူက သံဃာတော်တွေနဲ့ ပတ်သက်ပြီး ဥပဒေအရ သင်္ကန်းဝတ်ဆင်ခွင့်နဲ့ ပတ်သက်လို့ လျှောက်လဲခဲ့ပြီးနောက် သံဃာတော် ငါးပါးစလုံးက သာဓု အနုမောဓနာ သုံးကြိမ်တိုင်တိုင် ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။

Read More...

8/21/08

အရှင်ဂမ္ဘီရကို ဒုတိယအကြိမ် ရုံးထုတ်

irrawaddy / အေးလဲ့ သြဂုတ် ၂၁၊ ၂၀၀၈

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ဦးဆောင်ဆရာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို အင်းစိန်ထောင် အတွင်းရှိ အနောက်ပိုင်း ခရိုင်တရားရုံးတွင် ယမန်နေ့က ဒုတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း ၎င်း၏ ရှေ့နေက ပြောသည်။

အာဏာပိုင်များက စွဲဆိုထားသော အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ အမှုနှင့်ပတ်သက်ပြီး ရုံးထုတ်ခြင်းဖြစ်သည်ဟု အရှင်ဂမ္ဘီရနှင့် ၄၅ မိနစ်ခန့် တွေ့ဆုံခွင့်ရခဲ့သည့် ရှေ့နေကြီး ဦးအောင်သိန်း က ပြောဆိုသည်။

“ဒီခရိုင်တရားရုံးအနေနဲ့ အီလက်ထရွန်းနစ် ဆက်သွယ်ရေးဆိုင်ရာ ပုဒ်မ ၃၃ (က) / ၃၈ နဲ့ပတ်သက် ပြီး တင်တယ်၊ ကျန် အမှုကတော့ မြို့နယ်တရားရုံးအလိုက် တင်ဖို့များတယ်”ဟု ဦးအောင်သိန်းက ပြောသည်။
အရှင်ဂမ္ဘီရအား တရားမဝင်အဖွဲ့အစည်းနှင့်ဆက်သွယ်မှု၊ အီလက်ထရွန်းနစ် ဥပဒေ၊ လူထုကို အထိတ် တလန့်ဖြစ်စေမှု၊ ဘာသာသာသနာ ညှိုးနွမ်းစေသည့် ပုဒ်မ ၂၉၅ (က)၊ အရေးပေါ် စီမံချက်အက်ဥပဒေ ၅ (ည)၊ အသင်းအဖွဲ့ ပုဒ်မ (၆)၊ လဝက ဥပဒေ ၁၃/၁၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူ ၅ ဦး ထက်ပိုစုစည်းမှု၊ တရားမ၀င် ပုံနှိပ် ထုတ်ဝေမှု ၁၇/၂၀ စသည့် ပုဒ်မများဖြင့် စွဲဆိုထားကြောင်းလည်း ၎င်းက ပြောသည်။

အရှင်ဂမ္ဘီရ၏ အစ်မဖြစ်သူ မခင်သူဌေးကလည်း “ဦးပဉ္ဖင်းက သူ့ကို အီလက်ထရွန်းနစ် အမှုနဲ့ ပတ်သက်ပြီး ဘာကြောင့်စွဲတာ လည်းဆိုတာကို တရားသူကြီးကိုမေးတော့ တရားသူကြီးက ဒီအမှုနဲ့ပတ်သက်ပြီး စက်တင်ဘာ ၃ ရက်နေ့မှပြောခွင့်ရှိပါတယ် ဆိုပြီး ပြန်ချိန်းတယ်၊ သူတို့ဘက်က ဒီအမှုနဲ့ပတ်သက်ပြီး သက်သေ ၁၁ ယောက်လည်း တင်ထားတယ်” ဟု ပြောသည်။

အရှင်ဂမ္ဘီရအား ၂ ကြိမ်ရုံးထုတ်ခြင်းနှင့် ပတ်သက်ပြီး မိသားစုထံ အကြောင်းကြားမှု မရှိကြောင်း၊ မိမိဘာသာ သိရှိ၍ တရား ရုံးသို့ လာရောက်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဦးပဉ္ဖင်းကို လူဝတ်နဲ့လက်ထိပ်ခတ်ထားတာ တွေ့ရတယ်၊ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ၊ စိတ်ဓာတ်ကလည်း လန်းလန်း ဆန်းဆန်းပဲ”ဟု မခင်သူဌေးက ဆက်ပြောသည်။

ယင်းသို့ သံဃာများကို လူဝတ်လဲ၍ ရာဇ၀တ်ရုံးတင်မှုနှင့် ပတ်သက်ပြီး ဘာသာတရားနှင့် ကိုက်ညီခြင်း မရှိကြောင်းကို တရားရုံးသို့ တင်ပြရန် အရှင်ဂမ္ဘီရက ဦးအောင်သိန်းသို့ မိန့်ကြားကြောင်း သိရသည်။
“သူ့ကို သင်္ကန်း ချွတ်တာဟာ ဥပဇ္ဈာယ် ဆရာတော် (ဒါမှမဟုတ်) သံဃနယက ဆရာတော်တွေရှေ့မှာ ချွတ်တာမဟုတ်ဘူး၊ သူ တရားရုံးကို မရောက်ခင် ဘုန်းကြီးတရားရုံးအနေနဲ့ (ဒါမှမဟုတ်) ဘုန်းကြီး ဝိနည်းအနေနဲ့ အပြစ်ရှိတယ် မရှိဘူးဆိုတာ သုံးသပ်ပြီးမှ သင်္ကန်းချွတ်ရမယ်၊ အခုတော့ ဒီအတိုင်းဆွဲချွတ်ပြီး ရာဇဝတ်မှုရုံးမှာ သူ့ကို တရားစွဲတယ်ဆိုတာ ဘာသာတရား နဲ့ ကိုက်ညီချင်းမရှိဘူး၊ ဒါနဲ့ပတ်သက်ပြီး တင်ပြခိုင်းပါတယ်” ဟု ၎င်းက ပြောပြသည်။

ယခုလ ၃ ရက်နေ့မှ ၇ ရက် အထိ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တာနာ အင်းစိန် အကျဉ်းထောင်သို့ လာရောက်စဉ် ၎င်းနှင့် မိနစ်၂၀ ခန့် တွေ့ခွင့်ရချိန်၌ ၂၀၀၇ ခု စက်တင်ဘာ လအတွင်း ဖမ်းဆီးထားသော သံဃာတော်များကို လူဝတ်လဲခြင်းနှင့် ရုံးမထုတ်သည့် ကိစ္စများကို အရှင်ဂမ္ဘီရက ပြောဆို ခဲ့ကြောင်းလည်း သိရသည်။

အရှင်ဂမ္ဘီရအား မစ္စတာ ကင်တာနာ ပြန်သွားပြီးနောက်ပိုင်းမှစ၍ ရုံးထုတ်ရာတွင် ၂ ကြိမ်ရှိပြီ ဖြစ်သည်။

ပြီးခဲ့သည့် ၁၈ ရက်နေ့က အရှင်ဂမ္ဘီရကို ပထမဆုံးအကြိမ်ရုံးထုတ်ရာတွင် မဂ္ဂင်ဆရာတော်ဦးအိန္ဒက၊ ဦးကေသလ(မန္တလေး)၊ ဦးသုမန (စာရေးဆရာ မင်းဆက်) အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များဖြစ်သော ကိုရွှေမောင်း(မန္တလေး)၊ ကိုဝဏ္ဏအောင် (မန္တလေး)၊ ကိုသန်းနိုင် (တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင် စသည် တို့ကိုလည်း ရုံးအတူ ထုတ်ခဲ့သည်။အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာလ ၄ ရက်နေ့ ၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Read More...

8/20/08

အရှင်ဂမ္ဘီရနှင့် အခြား ၁ဝ ဦးကို ရုံးတင် တရားစွဲ

နန်းခမ်းကယောက်၊ ဒီဗွီဘီ
၁၉-ဝ၈-ဝ၈

စက်တင်ဘာ သံဃာ့ဆန္ဒပြမှုနဲ့ပတ်သက်ပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုခေါင်းဆောင် အရှင်ဂမ္ဘီရ အပါအဝင် ၁၁ ဦးကို အင်းစိန်ထောင် အထူးတရားရုံးမှာ ဒီနေ့ ရုံးထုတ်တရားစွဲကြောင်း မိသားစုဝင်တဦးက ပြောပါတယ်။

ပထမဆုံးအကြိမ် ရုံးထုတ်တရားစွဲဆိုတာဖြစ်ပြီး အရှင်ဂမ္ဘီရကို

တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁၊

မတရားသင်း ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁၊

အရေးပေါ် စီမံချက်အက်ဥပဒေ ပုဒ်မ ၅(ည)၊

လျှပ်စစ်ဥပဒေ၊

ဆူပူအောင်လှုံ့ဆော်မှု၊

ဗုဒ္ဓဘာသာ ညှိုးနွမ်းစေမှု၊

လူထုကိုအထိတ်တလန့်ဖြစ်စေမှု၊

စာနယ်ဇင်းဆိုင်ရာအမှု

စတဲ့အမှု ၁ဝ မှုနဲ့ တရားစွဲထားတယ်လို့ သိရ ကြောင်း အရှင်ဂမ္ဘီရရဲ့ အစ်မတော် မခင်သူဌေးက ပြောပါတယ်။

ရုံးထုတ်မယ့်အကြောင်း မိသားစုကို အာဏာပိုင်တွေက အသိမပေးကြောင်း၊ ရုံးထုတ်မယ့်ကိစ္စ ကြားလာတဲ့မိတ်ဆွေက ပြန်ပြောမှ သိရကြောင်း မခင်သူဌေးက ပြောပါတယ်။

“အဲဒါနဲ့ အတင်းလိုက်တာ။ အဲဒီကျမှ သိရတာ။ ကြိုပြီးပြောတာလည်း မဟုတ်ဘူး။”

အထူးရဲတွေကတားဆီးလို့ တရားရုံးကို မိသားစုဝင်တွေ ဝင်ရောက်ခွင့်မရဘဲ ရုံးထုတ်ပြီးမှ ဧည့် ချိန်ကျမှ အရှင်ဂမ္ဘီရကို တွေ့ခွင့်ရတာလို့ မခင်သူဌေးက ပြောပါတယ်။

အရှင်ဂမ္ဘီရနဲ့အတူ ရုံးထုတ်တရားစွဲခံရသူ ၁ဝ ဦးကတော့

အရှင်ဂမ္ဘီရရဲ့ အစ်ကိုတော် ကိုအောင်ကျော်ကျော်၊

မဂ္ဂင်ဆရာတော်၊

ဦးဣန္ဒြိယ ခေါ် ဦးဇင်းဂျောင်းဂျောင်း၊

ကိုသန်းနိုင်(တောင်တွင်းကြီး)၊

ကိုကျော်ကျော်နိုင်(မြစ်ခြေ)၊

မန္တလေးမြို့က ဦးကေလာသ၊

စာရေးဆရာမင်းဆက်(ဦးသုမန)၊

ဦးရွှေမောင်၊

ကိုဝဏ္ဏအောင် (မန္တလေး)နဲ့

တခြားတဦးတို့ဖြစ်ပါတယ်။

အရှင်ဂမ္ဘီရကို လာမယ့် ၂ဝ၊ ၂၇၊ ၂၈ ရက်နဲ့ စက်တင်ဘာ ၁ ရက်တို့မှာ ရုံးထပ်ချိန်းတယ်လို့ မခင်သူဌေးက ပြောပါတယ်။ ကျန်ပုဂ္ဂိုလ်များကို အများဆုံး ၅ မှုစီ တရားစွဲထားပြီး လာမယ့် ၂၇ ရက်မှာ ရုံးချိန်းထားပါ တယ်။

ရုံးထုတ်ရာမှာ အရှင်ဂမ္ဘီရကို လူဝတ်နဲ့ လက်ထိပ်ခတ်ခံနေရတာ တွေ့ရတဲ့အတွက် စိတ်မ ကောင်းဘူးလို့ အစ်မတော် မခင်သူဌေးက ပြောပါတယ်။

“ဦးဇင်းကတော့ ပြုံးပြုံးရွှင်ရွှင်ပဲ၊ မျှော်လင့်ပြီးသားပါတဲ့။”

အရှင်ဂမ္ဘီရရဲ့အမှု ဆက်လက်ဆောင်ရွက်ရေး ရှေ့နေတွေနဲ့တွေ့ဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ထင်ရှားတဲ့ သံဃာ့ခေါင်းဆောင်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရကို အာဏာပိုင်များက နိုဝင်ဘာ ၄ ရက် မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်မှာ ဖမ်းဆီး ပါတယ်။

Read More...

6/16/08

ဆရာတော် ဦိးဂမ္ဘီရကို ပြီးခဲ့တဲ့ မတ်လကတည်းက ရုံးထုတ်စစ်ဆေးခြင်းမရှိ

RFA 2008-06-15
စက်တင်ဘာသံဃာ့ လှုပ်ရှားမှု ဦိးဆောင်ဆရာတော် အရှင် ဂမ္ဘီရကို ဖမ်းဆီးထိမ်းသိမ်းပြီး နောက်ပိုင်း၊ ပြီးခဲ့တဲ့ မတ်လကတည်းက ရုံးထုတ်စစ်ဆေးခြင်း မရှိသလို၊ ရမန်ယူတာလည်း မရှိဘူးလို့ အင်းစိန်ထောင် သတင်းရပ်ကွက်က ပြောပါတယ်။

အရှင်ဂမ္ဘီရဟာ အင်းစိန်ထောင် တိုက် ၁၊ အခန်း ၁ မှာ ချုပ်နှောင်ခံထား ရပါတယ်။ လောလောဆယ်မှာ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပေမယ့်၊ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ မုန်တိုင်း တိုက်ခတ်စဉ်၊ အင်းစိန်ထောင်အတွင်း အကျဉ်းသားတွေကို သေနတ်နဲ့ ပစ်သတ်တာတွေ၊ မတရား ရိုက်နှက်တာတွေကို ကြားသိရပြီး စိတ်အတော် ထိခိုက်နေခဲ့ပေမယ့် အခုအခါမှာ ပုံမှန်ပြန်လည်ရှိနေပြီး၊ တရားအားထုတ်တာတွေလည်း ပြုလုပ်နေ နိုင်တယ်လို့ သိရပါတယ်။
အရှင်ဂမ္ဘီရကို ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ၊ မန္တလေးတိုင်း စဥ့်ကိုင် မြို့နယ်အတွင်းမှာ စစ်အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
လာမယ့် ဇွန်လ ၁၉ ရက်ဟာ အရှင်ဂမ္ဘီရရဲ့ မွေးနေ့ဖြစ်ပြီး၊ သက်တော် ၂၉ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

Read More...