11/21/08

imprisonment of Zargana and U Gambira

လူရွှင်တော် ဇာဂနာ နှင့် အရှင်ဂမ္ဘီရတို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
Friday, 21 November 2008 20:13 ကိုစိုး ဧရာဝတီ သတင်းဌာန

ထင်ရှားသည့် လူရွှင်တော် ဇာဂနာအား ထောင်ဒဏ် ၄၅ နှစ်၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ထောင်ဒဏ် ၁၅ နှစ်၊ အရှင်ဂမ္ဘီရနှင့် ရန်ကုန်မြို့ ခြောက်ထပ်ကြီး သာသနာ့ သိပ္ပံ ကျောင်းတိုက်မှ သံဃာတော် ၅ ပါး အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၂၉ ဦးခန့်ကို စစ်အာဏာပိုင်များက ယနေ့ ထောင်ဒဏ်များ ဆက်လက် ချမှတ်ကြောင်း မိသားစုဝင်များနှင့် အကျဉ်းထောင် ၀န်ထမ်း အသိုင်းအ၀န်းက ပြောသည်။



အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁၊ စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆိုထားကာ ယနေ့တွင် အင်းစိန်ထောင် အထူးတရားရုံးက ပြစ်ဒဏ် ချမှတ်ခြင်းဖြစ်သည်ဟု ကိုဇာဂနာ၏ မိသားစုဝင် တဦးကပြောသည်။

ကိုဇာဂနာအား အီလက်ထရွန်နစ် အမှု ၃ မှု အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၊ ၃၃(က)၊ ၃၂(ခ)၊ ပုဒ်မ ၃၈ တို့ ဖြင့် ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်ခြင်းဖြစ်ပြီး ကိုဇော်သက်ထွေးကို ထောင် ၁၅ နှစ် ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ မှတ်တမ်းတင် စီဒီ ဓာတ်ပြား တချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသော ည စီဒီ၊ ကွန်ပျူတာ ဟတ်ဒစ် တလုံး၊ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းယူသွားခဲ့သည်။

ကိုဇော်သက်ထွေးကို မူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာ၊ ကိုဇော်သက်တို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကို ထောင်ဒဏ် ၂၉ နှစ် ၊ ကိုသန့်ဇင်အောင် အား ထောင်ဒဏ် ၁၅ ချမှတ်ခံရသည်ဟုလည်း ဆိုသည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်သံဃာ တပါးလည်းဖြစ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ဦးဆောင်သံဃာတပါးဖြစ်သော အရှင်ဂမ္ဘီရ အသက် ၂၉ နှစ် ကို ယနေ့ ချမှတ်သည့် ထောင်ဒဏ် ၁၂ နှစ် အပါအ၀င် စုစုပေါင်း ထောင်ဒဏ် ၆၈ နှစ် ချမှတ်ကြောင်း သိရသည်။

အရှင်ဂမ္ဘီရအား ပုဒ်မ ၅၀၅(က) ၊ ၅၀၅ (ခ) ၊ လ၀က ပုဒ်မ ၁၃/၁ ၊ ပုဒ်မ ၁၇/၁ ၊ အီလက်ထရွန်နစ် ပုဒ်မ ၃၀၃(က) ၊ အသင်းအဖွဲ့ပုဒ်မ ၆/၈၈ စသည်တို့ဖြင့် စွဲဆိုထားခြင်းဖြစ်သည်။

အရှင်ဂမ္ဘီရကို လွန်ခဲ့သည့်နှစ် ရွှေဝါရောင် တော်လှန်ရေးနှင့် ပတ်သက်ပြီး ၂၀၀၇ ခု နိုဝင်ဘာ ၄ ရက်နေ့၌ မန္တလေးတိုင်း စဥ့်ကိုင်မြို့တွင် စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တခြားသော ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ခြောက်ထပ်ကြီး သာသနာ့သိပ္ပံကျောင်းမှ ဦးပညာ
သီဟ ၊ ဦးပညာဒီပ၊ ဦးနရပတေ့ ၊ ဦးဥက္ကံသမာလ ၊ ဦးဇာဏေယျ စသည့် သံဃာ ၅ ပါးနှင့် နိုင်ငံရေးလှုပ်ရှားသူ ၆ ဦး၊ စုစုပေါင်း ၁၁ ဦး ကိုလည်း ယနေ့တွင် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း အင်းစိန်ထောင် ၀န်ထမ်း အသိုင်း အ၀န်းက ပြောပြသည်။

၎င်းနိုင်ငံရေးလှုပ်ရှားသူ ၆ ဦးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)မှ ကိုသန်းဌေး အပါအ၀င် ကိုထွန်း ထွန်းနိုင် ၊ ကိုစိုးရွှေ ၊ ကိုငွေစိုး ၊ ကိုခင်ထွန်း ၊ ကိုကျော်ဆန်းလင်း တို့ဖြစ်ပြီး ကိုထွန်းထွန်းနိုင် ၊ ကိုသန်းဌေး ၊ ကိုငွေစိုး ၊ ကိုကျော်ဆန်းလင်း တို့ကို ပုဒ်မ ၁၄၅ ၊ ၅၀၅(ခ) အရ ထောင်ဒဏ် ၄ နှစ် စီ ချမှတ်၍ ကိုခင်ထွန်း ကိုမူ ပုဒ်မ ၁၄၃ ၊ ၁၄၅ ၊ ၅၀၅(ခ) ဖြင့် ထောင်ဒဏ် ၄ နှစ် ခွဲ ချမှတ် ခဲ့ကြောင်း သိရသည်။

စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအ၀င် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၁၀၀ ကျော် ကို အနည်းဆုံး ထောင်ဒဏ် ၄ လ မှ ၆၅ နှစ် ခွဲ အထိ အသီးသီး ချမှတ်ခဲ့ရာ ယနေ့ ချမှတ်သော ထောင်ဒဏ်အပါအ၀င် အရှင်ဂမ္ဘီရ၏ ထောင်ဒဏ် စုစုပေါင်း ၆၈ နှစ်သည် အများဆုံးချမှတ်ခံရခြင်း ဖြစ်သည်။

Read More...

11/18/08

12 years imprisonment for U Gambira

အရှင် ဂမ္ဘီရနှင့် တိုင်းရင်းသားလူငယ်များအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်
Tuesday, 18 November 2008 19:40 ဧရာဝတီ

ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု၏ ဦးဆောင်သံဃာ တပါးဖြစ်သည့် အရှင်ဂမ္ဘီရကို ရန်ကုန် အင်းစိန်ထောင်ရှိ အထူးတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ် လိုက်ကြောင်း သိရသည် ။

အရှင်ဂမ္ဘီရ မိသားစုနှင့် နီးစပ်သူတဦးက “လောလောဆယ် ၁၂ နှစ်ချထားတယ်၊ အခုချထားတဲ့ ပုဒ်မတွေက ၅၀၅ (ခ)၊ ၂၉၅ (က) ၂နှစ်စီ သုံးနေရာကစွဲတယ်၊ အားလုံးပေါင်း ၁၂နှစ်ချထားတယ်။ အရှင်ဂမ္ဘီရ အပါအဝင် ၁၁ ဦးကိုဖမ်းဆီးထားပြီး စွဲထားတဲ့အမှုပေါင်းကတော့ မနည်းဘူး။ နောက်ရက်တွေ ဆက်ပြီး အမိန့်ချဖို့ ရှိတယ်” ဟု ပြောသည်။

အသက်၂၉ နှစ်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင်ကိုယ်တော်တပါးဖြစ်သည့် အရှင်ဂမ္ဘီရအား စစ်အစိုးရက ဖမ်းဆီးထားပြီးတနှစ်အကြာတွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

အရှင်ဂမ္ဘီရကိုလွန်ခဲ့သည့်နှစ် စက်တင်ဘာလကပေါ်ပေါက်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးနှင့်ပတ်သက်ပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် မန္တလေးတိုင်း စဥ့်ကိုင်မြို့၌ စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့အတူ မန္တလေးတိုင်း သံဃာ့တပ်ပေါင်းစုမှ အရှင်ဦးကေလာသ ကိုလည်း ပုဒ်မ ၁၇ (၂၀) ၊ ၁၇ (၁) ၊ မတရားအသင်းပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၃၅ နှစ် ယနေ့ချမှတ်လိုက်ကြောင်း သိရသည်။

အရှင်ဂမ္ဘီရကို တရားမဝင်အဖွဲ့အစည်းနှင့်ဆက်သွယ်မှု၊ အီလက်ထရွန်းနစ်ပုဒ်မ၊ အများပြည်သူ အထိတ်တလန့်ဖြစ်စေမှု၊ သာသာနာညှိုးနွမ်းစေမှု ၊ အရေးပေါ် စီမံချက်အက်ဥပဒေပုဒ်မ ၅ (ည)၊ မတရားအသင်းပုဒ်မ ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်သည့်ပုဒ်မ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်ပျက်ပြားစေမှု၊ လူငါးဦးထက်ပိုမိုစုဝေးမှု၊ တရားမဝင်ပုံနှိပ်ထုတ်ဝေမှုစသည့် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း ၎င်းအမှုလိုက်ရှေ့ နေကပြောသည်။

အလားတူ လှုပ်ရှားတက်ကြွသူ တိုင်းရင်းသားလူငယ်သုံးဦးကိုလည်း ရန်ကုန်အင်းစိန်ထောင် အထူးတရားရုံးက နှစ်ရှည်ထောင်ဒဏ် ချမှတ်လိုက်ကြောင်း အင်းစိန်ထောင် ဝန်ထမ်းအသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။

ချင်းတိုင်းရင်းသား ကပ်လှမ်ခုတ် (ခ) ကိုကျော်စိုးနှင့် ရခိုင်တိုင်းရင်းသား ကိုတင်ထူးအောင်တို့ကို တိုင်းရင်းသားလူငယ်များအား စည်းရုံးလှုပ်ရှားမှုဖြင့် ထောင်ဒဏ် ၃၃ နှစ်စီ ချမှတ်လိုက်ကြောင်း အဆိုပ်နီးစပ်သူက ပြောသည်။

ချင်းတိုင်းရင်းသား အန်ထော်နီ (ခ) ကက်ခွမ်ကွာကိုလည်း ထောင်ဒဏ် ၈ နှစ်ချမှတ်လိုက်သည်ဟု အဆိုပါ နီးစပ်သူကဆက်ပြောသည်။

ကပ်လှမ်ခုတ်သည့် တိုင်းရင်သားခေါင်းဆောင်တဦးဖြစ်သည့် ဦးကျင်ရှင်းထန်၏ သားဖြစ်ပြီး အန်ထော်နီမှာ တူုဖြစ်သည်။
“သူတို့ဟာ အမှုတွေဒီလောက်ကျူးလွန်ထားတာမဟုတ်ဘဲနဲ့ အခုလို နှစ်ရှည်အမိန့်ချမှတ်တာဟာ တရားမျှတမှုမရှိပါဘူး” ဟု ဦးကျင်ရှင်းထန်က ဧရာဝတီကို ပြောသည်။

အဆိုပါတိုင်းရင်းသားလူငယ် ၃ ဦးကို လွန်ခဲ့သည့်နှစ် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုနှင့်ပတ်သက်၍ ၂၀၀၇ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကတည်းက အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

Read More...

11/16/08

RFA 2008-11-16

ဦးဂမ္ဘီရရဲ့အမှု မနေ့က ရုံးထုတ်စစ်ဆေးတဲ့ အခြေနေ

အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ သံဃာ့အရေးအခင်း ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရရဲ့ အမှုကို မနေ့က စနေနေ့က ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဒီလို စစ်ဆေးရာမှာ တရားဥပဒေအရ ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ရထားတဲ့ရှေ့နေကို အာဏာပိုင်တွေက တရားခွင်ကို ဝင်ရောက်ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။ ဦးဂမ္ဘီရအမှု ရုံးထုတ်တာနဲ့ ပတ်သက်လို့ အင်းစိန်ထောင်တွင်း တရားခွင်နဲ့ နီးစပ်တဲ့ ရန်ကုန်မြို့ခံတဦးက ပြောပြပါတယ်။

ရန်ကုန်မြို့ခံတဦး။ ။ "ဂိတ်ကတော့ ဝင်ခွင့်ပေးခဲ့တယ်၊ အထဲရောက်တော့မှ SB တွေက ဆွဲထုတ်သွားတယ်။ တရားသူကြီးကိုယ်တိုင်က သူ့မှာ ပါဝါပါတယ်၊ ဦးဂမ္ဘီရရဲ့ ပါဝါပေးထားတဲ့ လက်မှတ်တွေလည်း ပါတယ်၊ သူ့ရှေ့နေ ဒါကြောင့် ကျမတို့က အမှုစစ်တာကို ခွင့်ပြုရမှာ လို့ ပြောပေမယ့် လုံခြုံရေးအရဆို အော်ဟစ်ပြီး တရားခွင်မှာ မဆဲရုံတမယ်လောက်ပဲ၊ အဲလိုဖြစ်နေတယ်။"

ဦးဂမ္ဘီရကို အာဏာပိုင်တွေက ဖမ်းဆီး အကျဉ်းချပြီး စွဲချက်အမျိုးမျိုးနဲ့ ရုံးတင်စစ်ဆေးနေပါတယ်။ အင်းစိန်ထောင်မှာ ချုပ်နှောင်ထားပေမယ့် ကျန်းမာရေးစောင့်ရှောက်မှု နည်းတဲ့အတွက် ဆရာတော်ဟာ ကျန်းမာရေး အထူးချို့ယွင်းနေတယ်လို့လည်း အာအက်ဖ်အေက စုံစမ်းသိရပါတယ်။

လောလောဆယ် ပြစ်မှု မစီရင်ရသေးတဲ့ အမှုတွေမှာ ဦးဂမ္ဘီရရဲ့ အမှုတွေပါဝင်ပြီး အပြစ်ရှိတယ်လို့ စီရင်ချက်ချရင် ထောင်ဒဏ် အနည်းဆုံး နှစ် ၅ဝကျော်ကျမယ်လို့ ရန်ကုန်ရှေ့နေအသိုင်းဝိုင်းက ခန့်မှန်းထားပါတယ်။

Read More...